ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ထောပတ်ပဲ(အပြားကြီး) တစ်တင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၇၇၀၀၀ အထိ ဈေးကောင်းရရှိနေကြောင်း မအူပင်မြို့နယ်မှ လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းလုပ်ကိုင်သူဒေါ်စုစုလှိုင်၏ ပြောပြချက်အရ သိရသည်။
မအူပင်မြို့နယ်၌ ဇွန်လက ထောပတ်ပဲ (အပြားကြီး) တစ်တင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၆၈၀၀၀ သာဈေးရရှိပြီး ဇူလိုင် ၁ ရက်မှ လက်ရှိအချိန်ထိ ထောပတ်ပဲ (အပြားကြီး) တစ်တင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၇၇၀၀၀ အထိ ဈေးကောင်းရရှိလာခြင်းဖြစ်ကြောင်း၊ အဆိုပါ ထောပတ်ပဲများ ဈေးကောင်းရရှိလာခြင်းသည် ရန်ကုန်မြို့မှ ဝယ်ယူမှုများပြားလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
ပဲကြီးကိုမအူပင်တွင် အနည်းငယ်စိုက်ပျိုးပြီး ဒလ၊ ကျောင်းကုန်း၊ အသုတ်၊ ရေကြည်၊ ငါးသိုင်းချောင်းဘက်တိုကနေဝယ်ယူပြီး ရန်ကုန်သို့တင်ပို့နေကြောင်း၊ ပြည်ပဈေးကွက်ကို ထောပတ်ပဲတင်ပို့၍ ဝယ်လိုအားကောင်းလာခြင်းဖြစ်ကြောင်း လက်ရှိရန်ကုန်မြို့ကို ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလ အထိ ထောပတ်ပဲ အိတ်ရေ ၁၀၀ ကျော်အထိ တင်ပို့ရောင်းချနေရတယ်။ ထောပတ်ပဲက လာမယ့် ပဲပေါ်ရာသီမရောက်မီအထိ အရောင်းအဝယ်နဲ့ဈေးပါ အခုထက်ပိုကောင်းလာဖို့ရှိပါတယ်” ဟု ဒေါ်စုစုလှိုင်က ပြောသည်။
မအူပင်မြို့နယ်မှ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းလုပ်ကိုင်သူများသည် ဒေသထွက်ပဲများကိုဝယ်ယူပြီး ရန်ကုန်မြို့သို့တင်ပို့ရောင်းချကြကြောင်း၊ ရန်ကုန်မြို့မှတစ်ဆင့် ပြည်ပနိုင်ငံများဖြစ်သည့် အိန္ဒိယ၊တရုတ်နှင့် ထိုင်းနိုင်ငံတို့ကို တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)