Main menu

မြို့သစ်မြို့နယ်၌ ကုလားပဲသီးနှံများစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ဖန်ခါးပင်၊ စစ်တလင်း၊ ကွင်းကျေးရွာများတွင် နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ စပါး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စသည့် သီးနှံများကို ရာသီအလိုက် နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံစိုက်ဧက (၁၅၀) ဧကခန့်စိုက်ပျိုးထားကြောင်းသိရသည်။

         ကုလားပဲသီးနှံကို အောက်တိုဘာလကုန်တွင် စတင်စိုက်ပျိုးပြီး  ဇန်နဝါရီလဆန်းတွင် ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် ကုလားပဲ(ဟော်လန်)မျိုးနှင့် ကုလားပဲ(929)မျိုးတို့ဖြစ်ပြီး တစ်ဧကလျှင် မျိုးစေ့(၁၂)ပြည်ခန့်ကုန်ကျ၍ ထွန်ကြောင်းဆွဲကာ ကြဲပက်စနစ်ဖြင့်စိုက်ပျိုးကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်  တစ်ဧကလျှင် ငွေကျပ်၇၀၀၀၀၀ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ကုလားပဲ (၁၂-၁၆) တင်းခန့်ထွက်ရှိခဲ့ပြီး တစ်တင်းလျှင် ငွေကျပ် ၇၈၀၀၀-၈၂၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ရာ အကျိုးအမြတ်အနေဖြင့် ငွေကျပ်၆၀၀၀၀၀ကျော်ရရှိကြောင်းသိရသည်။

          ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလ ဒုတိယပတ်တွင် ကုလားပဲ(ဟော်လန်) တစ်တင်းလျှင်  ငွေကျပ် ၉၅၀၀၀-၉၆၅၀၀၊  ကုလားပဲ(929) တစ်တင်းလျှင်  ငွေကျပ် ၉၆၀၀၀-၉၇၅၀၀ ဈေးရှိပြီး ကုလားပဲသီးနှံထွက်ပေါ်ရာသီမဟုတ်သည့်အတွက် အရောင်းအဝယ်အေးကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့နှင့် တောင်တွင်းကြီးမြို့ရှိ  သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ဒေသတွင်းရှိ ပဲကြော်၊ ပဲလှော်၊ မုန့်လုပ်ငန်းရှင်များက ဝယ်ယူကြကြောင်းနှင့် ရန်ကုန်၊ မန္တလေးမြို့များသို့တင်ပို့ကြောင်း၊ ယခုအချိန်တွင် ကုလားပဲစိုက်ခင်းများ စိမ်းလန်းစိုပြေလျက်ရှိပြီး သီးနှံအထွက်နှုန်းကောင်းမွန်၍ ဈေးကောင်းရရှိပါက အကျိုးအမြတ်များပိုမိုရရှိနိုင်ကြောင်း တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)