Main menu

ဆိပ်ဖြူမြို့နယ် ရွာသစ်ကျေးရွာတွင် မိုးမြေပဲများ လှိုင်လှိုင်ထွက်ပေါ်၍ အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ကျေးရွာတွင် ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကထားပြီး သီးနှံမျိုးစုံစိုက်ပျိုးခြင်းဖြင့် ဒေသစီးပွားဖွံ့ဖြိုးလျက်ရှိသည်။ ရွာသစ်ကျေးရွာတွင် နှစ်စဉ် ကုန်စိမ်းသီးနှံ ကြက်သွန်နီ၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆီထွက်သီးနှံ မိုးမြေပဲကို စိုက်ဧက(၃၅)ဧကခန့် ကုန်းယာမြေများတွင် စိုက်ပျိုးထားကြောင်းသိရှိရသည်။

          မိုးမြေပဲကို ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလဆန်းပိုင်းတွင် တူးဖော်၍ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိသည်။ မျိုးအနေဖြင့် (၃)လပဲတောင့်သေး လုံးဆန်ဖြူ (S1)မျိုးကိုစိုက်ပျိုးကြောင်း၊ တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ငွေကျပ်(၈)သိန်းခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ယခုနှစ်မြေပဲပွင့်ချိန်တွင် မိုးများစွာရွာသွန်း၍ မြေပဲထွက်ရှိမှုနည်းကြောင်း၊ တောင်သူတစ်ဦးလျှင် ပျမ်းမျှ အထွက်တင်း(၄၅)တင်းခန့်ထွက်ရှိကြောင်း၊ ထွက်ရှိသောမြေပဲများကို အတောင့်ရောင်းချမှုနည်းပြီး မြေပဲတောင့်ခွဲပြီး ထွက်ရှိသောမြေပဲဆန်များကိုသာ ရောင်းချကြောင်း၊ ယခုအချိန်တွင် ဧရာဝတီမြစ်ကမ်းဘေးရှိ ကိုင်ကျွန်းမြေနုများတွင် ဆောင်းမြေပဲသီးနှံများ လှိုင်လှိုင်စိုက်ပျိုးချိန်ဖြစ်၍ မြေပဲမျိုးဆန်များ လှိုင်လှိုင်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မျိုးမြေပဲဆန်တစ်ပြည်လျှင် မြေပဲဆန်အရည်အသွေးလိုက်၍ ငွေကျပ်(၈၅၀၀-၁၀၀၀၀)ဈေးဖြင့်အရောင်းအဝယ်ဖြစ်၍ တစ်ဧကလျှင် ငွေကျပ် (၁၀)သိန်းခန့်အကျိုးအမြတ်ရရှိကြောင်း၊ ယခုနှစ်တွင် မြေပဲအထွက်နည်းသော်လည်း သီးနှံပေါ်ချိန်တွင် ဒေသတွင်းဈေးကွက်၌ ယခင်နှစ်ထက် ဈေးကောင်းရရှိသောကြောင့် မိုးမြေပဲစိုက် တောင်သူများ အကျိုးအမြတ်များစွာရရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)