၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့ နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် မြန်အောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် အမှတ်(၁)ရပ်ကွက်၊ ရုံးလမ်း၊ မြို့နယ်ထွေအုပ်ရုံး၌ စားသုံးသူပြည်သူများအနေဖြင့် Online မှဈေးဝယ်ယူရာတွင် လိမ်လည်လှည့်ဖြားခံရမှုမရှိစေရန်နှင့် နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရန်ရည်ရွယ်လျက် အွန်လိုင်းစနစ်ဖြင့် ဈေးဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမြင့်အောင်က စားသုံးသူပြည်သူများအနေဖြင့် အွန်လိုင်းမှဈေးဝယ်ယူမည်ဆိုလျှင် မိမိဝယ်ယူမည့် Page(သို့မဟုတ်) website သည် တရားဝင်မှတ်ပုံတင်ထားသောလုပ်ငန်းဟုတ်/ မဟုတ် စစ်ဆေးရမည်ဖြစ်ကြောင်း၊ စားသုံးသူများအကြားနာမည်ဂုဏ်သတင်းကောင်းမွန်ခြင်းရှိ/ မရှိ၊ Page၏လုပ်ငန်းစဉ်များအားအသေးစိတ်စိစစ်မေးမြန်းခြင်း၊ မိမိ၏ကိုယ်ရေးအချက်အလက်များနှင့် ငွေပေးချေမှုဆိုင်ရာအချက်အလက်များအား ကျိုးကြောင်းခိုင်လုံမှုရှိ/ မရှိ၊ ကုန်စည်ပို့ဆောင်မှုစနစ်နှင့် စပ်လျဉ်း၍ သေချာစွာစိစစ်ရမည်ဖြစ်ကြောင်း၊ သတင်းအချက်အလက်များပြည့်စုံမှန်ကန်စွာဖော်ပြထားမှုရှိ/မရှိ၊ Page တွင် ကြော်ငြာ ထားသောဝန်ဆောင်မှုနှင့် မိမိရရှိသောအချက်များကိုက်ညီမှုရှိ/ မရှိ၊ မိမိဝယ်ယူသုံးစွဲမည့်ကုန်စည်သည် သက်ဆိုင်ရာဌာနထောက်ခံချက်များ ပါဝင်မှုရှိ/ မရှိ စစ်ဆေးရမည်ဖြစ်ကြောင်း စသည့်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး ဆက်လက်၍ Online Sale ရောင်းချသူများမှ စားသုံးသူများအပေါ်ငွေကြေးလိမ်လည်ရယူခြင်း၊ ကုန်စည်/ ဝန်ဆောင်မှုအရည်အသွေးနှင့်စပ်လျဉ်း၍ လိမ်လည်မှုများလည်းရှိသဖြင့် စားသုံးသူပြည်သူများနစ်နာဆုံးရှုံးမှုမဖြစ်ပေါ်နိုင်စေရန် ရှောင်ကြဉ်ရမည့်အချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)