ပြည်မြို့နယ်တွင် ပန်းဂေါ်ဖီစိမ်းများသည် ပန်းဂေါ်ဖီအဖြူကဲ့သို့ အအေးကြိုက်ကြပါသည်။ စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဆောင်းရာသီရိုးရိုးပန်းဂေါ်ဖီများပေါ်ချိန်တွင် ထွက်ပေါ်ကြပါသည်။ အေး၍ခြောက်သွေ့ သောဒေသများတွင် ပန်းဂေါ်ဖီအစိမ်းမှာ အပင်သက်တမ်း(၁၁)လခန့် အထိကြာမြင့်သည်ဟုသိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်း စိုက်ပျိုးသည့်နေရာများမှာ အောင်ဆန်း ပြည်သာယာဘက်ရှိ ဉယျာဉ်ခြံမြေများတွင် စိုက်ပျိုးကြပါသည်။ သဲဆန်သောနုန်းမြေများတွင် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့အနေဖြင့် ပေါင်ဝက်ခန့်လိုအပ်သည်ဟုသိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်းကို စိုက်ပျိုးပြီး ၂လခွဲ ၃လအကြာတွင် စတင်ခုတ်ယူနိုင်ပြီး အချိန်မှီမခုတ်ပါက ပန်းပွင့်မှာ အရောင်ပြောင်းသွားသည်ဟုသိရပါသည်။ ပန်းဂေါ်ဖီအစိမ်း တစ်ဧကလျှင် မျိုးအလိုက်ကွာခြားပြီး မျိုးကောင်းလျှင်ကောင်းသလိုတစ်ဧကလျှင် ပျမ်းမျှအပွင့်ရေ ၁၅၀၀-၂၀၀၀ခန့်ထွက် ရှိသည်ဟုသိရပါသည်။
ပန်းဂေါ်ဖီစိမ်း ဈေးနှုန်းဈေးကွက်အနေဖြင့် ပြည်ဈေးကွက်၌ ယခုအချိန်တွင် ဈေးကောင်းရနေပြီး တစ်ပွင့် လျှင် (၁၅၀၀-၂၀၀၀)ကျပ်၊ အပွင့်သေးလျှင် (၉၀၀-၁၀၀၀)ကျပ်အထိ ရောင်းချကြောင်း သိရှိရပါသည်။ ပြည်ဒေသတွင် စိုက်ပျိုးသောပန်းဂေါ်ဖီစိမ်းမှာ ဒေသတွင်းသာစားသုံးပြီး နယ်သို့တင်ပို့ရောင်းချခြင်းမရှိဟု သိရှိရပါသည်။ ပန်းဂေါ်ဖီအစိမ်းမှာ ပန်းဂေါ်ဖီအဖြူထက်ဈေးကောင်းပြီး လူကြိုက်များသဖြင့် ပိုမိုတိုးချဲ့စိုက်လျှင် စိုက်ပျိုးသူအဖို့ ပိုမိုအကျိုးအမြတ်ဖြစ်ထွန်းမည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။
DOCA(ပဲခူး)