မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံ တစ်ခုဖြစ်သည့် အစေ့ထုတ်ပြောင်းများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိကြောင်းသိရသည်။
အစေ့ထုတ်ပြောင်းကို မေလကုန်တွင်စတင်စိုက်ပျိုးပြီး စက်တင်ဘာလဆန်းမှစ၍ ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ နိုဝင်ဘာလ တတိယပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် ငွေကျပ်၂၀၅၀၀ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ အစေ့ထုတ်ပြောင်းဈေးနှုန်းများသည် ယခင်အပတ်ထက် ယခုအပတ်တွင် (၁)တင်းလျှင် ငွေကျပ်၂၀၀၀မြင့်တက်လာကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှသိရပါသည်။
DOCA(စစ်ကိုင်း)