လူတို့သည် သံပုရာသီးကို နေ့စဉ်တစ်မျိုးမဟုတ်တစ်မျိုး စားသုံးကြပါသည်။ သံပုရာသီးကို ကျန်းမာရေးအရအသုံးပြုသလို အသုပ်မျိုးစုံပြုလုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ သံပုရာသီးကို ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် တော်တော်များများစိုက်ပျိုးကြပါသည်။ သံပုရာပင်သည် နှစ်ရှည်ပင်ဖြစ်သည့်အတွက် တစ်ခါစိုက်ပျိုးပြီးလျှင်ပင် နှစ်ရှည်ထိုင်စား၍ရသော သီးနှံပင်ဖြစ်ပါသည်။ သံပုရာပင်ကို တစ်ချို့မှာ အိမ်ခြံဝန်းထဲတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသလို စီးပွားဖြစ်လည်းစိုက်ပျိုးကြပါသည်။ သံပုရာပင် တစ်ပင်လျှင်ထွက်ရှိသော ပျမ်းမျှအသီးနှုန်းမှာ (၅၀-၁၀၀)အထိ ထွက်ရှိကြောင်း သိရပါသည်။ ပြည်ဈေးကွက်သို့ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ လာရောက်ရောင်းချကြောင်းသိရပါသည်။ ပြည်ဈေးကွက်တွင်ရောင်းချလျက်ရှိသော သံပုရာသီးဈေးနှုန်းများအနေဖြင့် တစ်လုံးလျှင် ၂၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ သံပုရာသီးများကို ပြည်ဈေးကွက်မှတစ်ဆင့် ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးကွက်များအပြင် နယ်မြို့များသို့လည်း တင်ပို့ရောင်းချကြောင်း သိရပါသည်။
ထို့ကြောင့် သံပုရာပင်စိုက်ပျိုးသော တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင်လွယ်ကူပြီး စိုက်ပျိုးစရိတ်လည်းသက်သာ၍ နှစ်ပတ်လည်ဝင်ငွေများရရှိလာသဖြင့် အပိုဝင်ငွေများလည်း ရရှိလာမည်ဖြစ်ပါကြောင်း သိရှိရပါသည်။