ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့အတွင်းရှိကျေးရွာများတွင် ကလားဝါးဥ (ခေါ်) ဝါးဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။ ယခုအချိန် နိုဝင်ဘာလတွင် ဝါးဥရာသီချိန်ဖြစ်၍ ဝါးဥများစတင်ထွက်ရှိနေပြီ ဖြစ်ပြီး မြို့နယ်ဈေးကွက်အတွင်း ဝါးဥတစ်ပိဿာလျှင် ငွေကျပ် (၃၈၀၀)၊ ၂၅ ကျပ်သားလျှင်ငွေကျပ် (၁၀၀၀)နှုန်းဖြင့် ရောင်းချလျက်ရှိရာ စားသုံးသူများကြိုက်နှစ်သက်၍ အရောင်းသွက်လျက်ရှိကြောင်းသိရပါသည်။
ဝါးဥသည် ပရိုတင်းဓာတ်နှင့် သန်ဓာတ်ကိုလည်း အားဖြည့်ပေးပါသည်။ ဝါးဥကိုစားသုံး ပေးခြင်းဖြင့် ကျန်းမာရေးအတွက် ကောင်းကျိုးများကိုရရှိစေပါသည်။ ဝါးဥပင်ကိုစိုက်ပျိုးရာတွင် တကူးတက စိုက်ပျိုးစရာမလိုဘဲ ဝါးဥကိုတူးဖော်စဉ်က အပင်တက်ထွက်ရာ ဝါးဥ၏ အမြီးပိုင်းကို လက်တစ်ဆစ်ခန့်ချိုး၍ တူးယူသောကျင်း၌ ပြန်လည်မြေဖို့၍ စိုက်ပျိုးခဲ့ပါသည်။ မိုးဦးကျမှသာ အပင်တက်များ ပြန်လည်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ အပင်အမြင့်မှာ (၃ - ၄) ပေခန့် အမြင့်ရှိပြီး မိုးအကုန်တူးဖော်ရာတွင် တစ်ပင်ကို ဥပွားများ (၃ - ၄) ဥပြန်လည် ထွက်ရှိပါသည်။
ဝါးဥသည် အထိအခိုက် အထားခံ၍ သယ်ရလွယ်ကူသောကြောင့် ဒေသမရွေးမှာပင် ဝယ်ယူရရှိနိုင်ပါသည်။ ဓာတုဆေးဝါးလည်း ကင်းလွတ်သော အော်ဂဲနစ်သီးနှံလည်းဖြစ်၍ ရာသီပေါ် ကလားဝါးဥ (ခေါ်) ဝါးဥကို စားသုံးသင့်ပါကြောင်း လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)