စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ စက်မှုလုပ်ငန်းစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းအဆင်ပြေချောမွေ့လည်ပတ်နိုင်စေရန်အတွက် မအူပင်ခရိုင်ခရိုင်ဦးစီးမှူးရုံး၌ (၁၉.၁၁.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၂:၀၀)အချိန်တွင် နိုဝင်ဘာလအတွက် စက်မှုလုပ်ငန်းသုံးဆီ ခွဲတမ်းရရှိသောလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ ဆီထုတ်ယူရရှိနိုင်ရေးနှင့် လိုက်နာရမည့်စည်းကမ်းချက်များ၊ သတ်မှတ်ချက်များ၊ စီးပွားရေးလုပ်ငန်းရှင်ကျင့်ဝတ်များအတိုင်း ဆောင်ရွက်နိုင်ရန် ဟောပြောဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံ ဟောပြောဆွေးနွေးရာတွင် မအူပင်ခရိုင်ဦးစီးမှူးမှ တက်ရောက်လာသောလုပ်ငန်းရှင်များအား နိုဝင်ဘာလ အတွက်စက်မှုသုံးဆီ ခွဲတမ်းရရှိမှုအပေါ် လုပ်ငန်းသုံးသတ်မှတ်ရည်ညွှန်းဈေးအတိုင်း ငွေပေးသွင်းရေး၊ သတ်မှတ်ဆီထုတ်ကိုယ်စားလှယ်ဆီမှ စနစ်တကျဆီ ထုတ်ယူနိုင်ရေး၊ သတ်မှတ်ရက် အတွင်း အမြန်ဆုံးဆောင်ရွက်ရန်နှင့် လုပ်ငန်းအတွက်ရရှိသော စားအုန်းဆီများအား မိမိလုပ်ငန်း၌သာ အသုံးပြုရန်နှင့် ပြင်ပသို့ပြန်လည်ရောင်းချခြင်းမပြုလုပ်ရန် အသိပေးပြောကြားပြီး လုပ်ငန်းလိုအပ်ပါက ဌာနမှ ရှောင်တခင် ကြပ်မတ်စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေး ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဒု-ခရိုင်ဦးစီးမှူးမှလည်း မအူပင်ခရိုင်အတွင်း စားအုန်းဆီခွဲတမ်းသတ်မှတ်ချက်အလိုက် စာရင်းပြုစုတင်ပြထားသော စက်မှုလုပ်ငန်းသုံးလုပ်ငန်းရှင်များသည် လစဉ်စားအုန်းဆီခွဲတမ်းအလှည့်ကျ ခွဲဝေချထားပေးမှုကို လုပ်ငန်းရှင်များကို ချိတ်ဆက်ဆက်သွယ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများအား သတ်မှတ်ရက်အတွင်း သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဆီထုတ်ကိုယ်စားလှယ်တွင် အချိန်မီထုတ်ယူကြပြီး သွင်းရမည့်ငွေကြေးများကို စနစ်တကျပေးသွင်းထုတ်ယူရန်၊ ဆီထုတ်ကိုယ်စလှယ်နှင့် လုပ်ငန်းရှင်အကြား အငြင်းပွားမှုမရှိဘဲ မြို့နယ်တွင်း စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့နိင်စေရေးကို ဌာနမှ ကြီးကြပ်ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပြီး သတ်မှတ်ချက်၊ လမ်းညွှန်းချက်များ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များက သိလိုသည်များမေးမြန်းဆွေးနွေးကြကာ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် ဆွေးနွေးပွဲရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)