အင်ဒိုနီးရှားစစ်ဆေးရေးအရာရှိတစ်ဦးဖြစ်သူ Yeka Hendra Fatika က နိုင်ငံ၏စွမ်းအင်ဖူလုံရေးပရိုဂရမ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဘိုင်အိုဒီဇယ်အသုံးပြုမှုကိုပံ့ပိုးရန် ရေရှည်တည်ငြိမ်ဖူလုံမှုရှိသော စားအုန်းဆီလုပ်ငန်းအတွက် စီမံအုပ်ချုပ်မှုစနစ်လိုအပ်ကြောင်းကို ထောက်ပြပြောဆိုသွားခဲ့ကြောင်းသိရပါသည်။ ဘိုင်အိုဒီဇယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးသည် စားအုန်းဆီစိုက်ခင်းများအောင်မြင်မှုအပေါ် အလွန်မှီခိုနေကြောင်းနှင့် စွမ်းအင်နှင့်သယံဇာတအရင်းအမြစ်ဝန်ကြီးဖြစ်သူ Bahilil Lahadalia အနေဖြင့် စွမ်းအင်ဖူလုံမှုရှိရေးအတွက် ဘိုင်အိုဒီဇယ်မူဝါဒတွင် တိုးတက်မှုရရှိရန် ဆောင်ရွက်သင့်ကြောင်းပြောကြားခဲ့ပါသည်။ တိုးတက်မှုများတွင် ကုန်ကြမ်းပစ္စည်းဖြစ်သော စားအုန်းဆီစိမ်းဖူလုံမှုသေချာမှုရှိရေးနှင့် ထုတ်လုပ်မှုအခြေခံအဆောက်အအုံ အရန်သင့်ဖြစ်မှုပါဝင်သော B40 နှင့် B50 ဘိုင်အိုဒီဇယ်ပရိုဂရမ်အတွက် လမ်းစဥ်ဖန်တီးရန် ပါဝင်ကြောင်းသိရပါသည်။ ထို့ပြင် ၎င်းက ဘိုင်အိုဒီဇယ်ပရိုဂရမ်အတွက် ဘက်ဂျက်နှင့်ဆက်စပ်သည့်အကြောင်းအရာကို အသားပေးပြောကြားခဲ့ပါသည်။ အကယ်၍ ဘိုင်အိုဒီဇယ်ပရိုဂရမ်ကို ဆက်လက်တိုးမြှင့်လာပါက စားအုန်းဆီတင်ပို့မှုကျဆင်းလာပြီး ပို့ကုန်ဝင်ငွေရရှိမှုကျဆင်းသည့် ပြဿနာနှင့်ရင်ဆိုင်ရနိုင်ကြောင်းသိရပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုပရိုဂရမ်သည် စားအုန်းဆီထုတ်လုပ်မှုမြင့်တက်မလာပါက စားအုန်းဆီတင်ပို့မှုကျဆင်းမှုကိုပါ ဖြစ်ပေါ်စေနိုင်ကြောင်းသိရပါသည်။ Fatika က အကယ်၍ စားအုန်းဆီတင်ပို့မှုကျဆင်းပါက ဘိုင်အိုဒီဇယ်အတွက် ဆွဲဆောင်မှုမက်လုံးပေးထားမှုများသည်လည်း ကျဆင်းသွားမည်ဖြစ်ပြီး နိုင်ငံတော်ဘက်ဂျက်ဝန်ထုပ်ဝန်ပိုးကို ကြီးမားစေမည်ဖြစ်ကြောင်းနှင့် ထိုအကြောင်းကို ကျယ်ပြန့်စွာတွက်ချက်ရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနကလည်း အင်ဒိုနီးရှားသည် B50 ပရိုဂရမ်အတွက် တစ်နှစ်လျှင် စားအုန်းဆီစိမ်း သန်း ၂၀ကီလိုလီတာထုတ်လုပ်နိုင်စွမ်းရှိရန် လိုအပ်ကြောင်းသိရပါသည်။ အင်ဒိုနီးရှားအစိုးရသည် ဘိုင်အိုဒီဇယ်အရောကို လက်ရှိ B35 မှ ၂၀၂၅ တွင် B40 ထိမြှင့်တင်ရန်ကြိုးပမ်းနေပြီး B50 အကောင်အထည်ဖော်ရန်အတွက် ပြင်ဆင်မှုများပြုလုပ်နေကြောင်းသိရပါသည်။
Antara News
DOCA(ရန်ကုန်)