Main menu

တောင်ငူခရိုင်ဦးစီးမှူးသည် အုတ်တွင်းမြို့နှင့် ဖြူးမြို့များတွင် စားသုံးဆီရောင်းချဖြန့်ဖြူးသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ  ၂၀ရက်နေ့၊ နံနက်ပိုင်းတွင် အုတ်တွင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်း အဝေးခန်းမ၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံရုံး၏ အစည်းအဝေးခန်းမ၌လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်များမှ စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဥပဒေပြဋ္ဌာန်းချက်များ၊ အမိန့်နှင့်ညွှန်ကြားချက်များကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပါသည်။

       အဆိုပါအခမ်းအနားတွင် ခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် အမှတ်တံဆိပ်ပါ စားသုံးဆီများထုတ်လုပ်ရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါပြဋ္ဌာန်းချက်များ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်ကိုလည်းကောင်း၊ ရည်ညွှန်းဈေးဖြင့် ဝယ်ယူရရှိသောစားအုန်းဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုရန်ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

             ဆက်လက်၍ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်စည်ပင်သာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် လိုအပ်သည်များကိုရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းရှင်များ၏ ဆွေးနွေးမေးမြန်းချက်များကို စားသုံးသူရေးရာဦးစီးဌာန၊ ခရိင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          အုတ်တွင်းမြို့၌ ကျင်းပပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲသို့ လုပ်ငန်းရှင် ၃၆ဦးနှင့် ဖြူးမြို့၌ ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲသို့ လုပ်ငန်းရှင် ၃၇ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)