Main menu

ဆန်ကုန်သွယ်မှု၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယား ဆွေးနွေး

Powered by Drupal

    ကမ္ဘောဒီးယားနိုင်ငံသို့ ၂ ရက်ကြာ တရားဝင်ခရီးသွားရောက်မှု ပထမနေ့ဖြစ်သော နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံမှ လွှတ်တော်ဥက္ကဋ္ဌ Martin G. Romualdez သည် ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Manet နှင့် တွေ့ဆုံလျက် နှစ်နိုင်ငံအကြား ကတိပြုထားရှိသော ဆန်ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်း၊ လုံခြုံရေးနှင့် ကာကွယ်ရေး ကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းကို ဆက်လက်လုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

     မကြာသေးမီက ကြုံ‌တွေ့ခဲ့ရသည့် Super Typhoon Pepito နှင့် Typhoon Kristine တို့ ကဲ့သို့သော အင်အားပြင်းထန်သည့် အပူပိုင်းမုန်တိုင်းများ၏ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရမှုများ ပိုမို များပြားလာမှုနှင့်အတူ ရာသီဥတုနှင့် ဆက်နွှယ်သည့် အနှောင့်အယှက်များက ဖိလစ်ပိုင်နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍအပေါ် သက်ရောက်ထိခိုက်မှု ဖြစ်ပေါ်လျက်ရှိကြောင်း၊ တည်ငြိမ်မှုရှိ ပြီး သင့်တင့်သောဈေးနှုန်းဖြင့် ဆန်ထောက်ပံ့ပေးသွင်းမှု ရရှိရေးသည် နိုင်ငံ၏ ဦးစားပေးလုပ်ငန်း တစ်ရပ်အဖြစ်သို့ ရောက်ရှိလာခဲ့ကြောင်း၊ ဆန်တင်ပို့မှု၌ ဦးဆောင်ပါဝင်သည့် နိုင်ငံတစ်ခုဖြစ်သော ကမ္ဘောဒီးယားနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ဖိလစ်ပိုင်အတွက် ယခုကဲ့သို့ အရေးပါသော ကုန်စည်ကို ထောက်ပံ့မှု သေချာခိုင်မာစေလိမ့်မည်ဖြစ်ကြောင်း၊ စားနပ်ရိက္ခာဖူလုံမှု အားကောင်းစေခြင်းသည် ဖိလစ်ပိုင်မိသားစုများအား အကာအကွယ် ပေးရုံမျှသာမက အလွန်ပြင်းထန်သည့် ရာသီဥတုဖြစ်စဉ်များနှင့် တွေ့ကြုံရချိန်၌ ဖိလစ်ပိုင်နိုင်ငံ၏ ကြံ့ကြံခံ ရင်ဆိုင်နိုင်စွမ်းကို ခိုင်မာစေမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ဆန်စပါးထုတ်လုပ်မှုကို တိုးမြှင့်လျက်ရှိသော်လည်း ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ရောင်းလိုအား တည်ငြိမ်စေရေးအတွက် ဗီယက်နမ်နှင့် ထိုင်းတို့ထံမှ ဆန်တင်သွင်းမှု အပေါ် အမှီပြုနေရဆဲဖြစ်ကြောင်း၊ ယခုနှစ် မတ်လတွင် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၌ ကျင်းပခဲ့သော အာဆီယံ-ဩစတေးလျ အထူးညီလာခံဆွေးနွေးပွဲ ကာလအတွင်း နှစ်နိုင်ငံ သီးခြားတွေ့ဆုံမှုတွင် ဖိလစ်ပိုင်သမ္မတ Ferdinand R. Marcos Jr. နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet တို့သည် နှစ်နိုင်ငံအကြား ဆန်ကုန်သွယ်မှုကို မြှင့်တင်ရန် သဘောတူညီခဲ့ကြပြီး အခွန်နှစ်ကြိမ်ထပ် ကောက်ခံမှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မှုလွယ်ကူချောမွေ့စေရေး ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း စသည်ဖြင့် ဖိလစ်ပိုင် လွှတ်တော် ဥက္ကဋ္ဌ Martin G. Romualdez က ပြောကြားခဲ့သည်။

    အလားတူ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော အကြိမ် ၄၀ နှင့် ၄၁ ကြိမ် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့်ဆက်စပ်အစည်းအဝေးများ၌ ဖိလစ်ပိုင်သမ္မတနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့၏ နှစ်နိုင်ငံဆွေးနွေးပွဲများတွင် ကမ္ဘောဒီးယားနိုင်ငံမှ ဖိလစ်ပိုင်သို့ ဆန်ထောက်ပံ့ပေးသွင်းရန် ကမ်းလှမ်းထားခဲ့ပြီး ကမ္ဘောဒီးယား၏ ဆန်စက်များနှင့် စပါးအခြောက်ခံစက်များကဲ့သို့သော အခြေခံအဆောက်အအုံများ တည်ဆောက်မှုနှင့် စိုက်ပျိုးရေးကဏ္ဍ အကောင်အထည်ဖော်ဆောင်ရွက်မှုများ၌ ဖိလစ်ပိုင်အစိုးရမှ ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားခဲ့သည်။

   ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် ဆန်ကုန်သွယ်မှုအပြင် ခရီးသွားလုပ်ငန်းကဏ္ဍ၌ အပြန်အလှန် အကျိုးဖြစ်ထွန်းရေး၊ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ယဉ်ကျေးမှုဖလှယ်ရေးနှင့် ဒေသတွင်းလုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုအပေါ် သက်ရောက်လျက်ရှိသော ကိစ္စရပ်များကိုလည်း ဖိလစ်ပိုင်လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးပြောဆိုခဲ့ကြောင်း သိရသည်။

     ဖိလစ်ပိုင်-ကမ္ဘောဒီးယား လွှတ်တော်အမတ်များ ချစ်ကြည်ရင်းနှီးရေးအသင်း၏ အစပြုဆောင်ရွက်မှု အစီအစဉ် အမျိုးမျိုးမှတစ်ဆင့် ကမ္ဘောဒီးယား အမျိုးသားလွှတ်တော်နှင့် ဖိလစ်ပိုင် လွှတ်တော်အမတ်များအကြား နက်ရှိုင်းစွာ ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရန် အသင့်ရှိကြောင်း၊ ၎င်း၏ ယခုတရားဝင်ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးပါ သော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး နှစ်နိုင်ငံကြား မိတ်ဖက်ဆက်ဆံမှုမှာ အဓွန့်ရှည်စွာတည်တံ့ခိုင်မြဲ မည်ဟု ရှုမြင်ကြောင်း၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားတို့သည် အာဆီယံအဖွဲ့၌ မိတ်ဖက်များအဖြစ် လည်းကောင်း၊ နီးကပ်သည့် အိမ်နီးချင်းများအဖြစ်လည်းကောင်း အပြန်အလှန် တိုးတက်မှုနှင့် လုံခြုံမှုတို့ကို မျှဝေလျက်ရှိကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဖြင့် အခွင့်အလမ်းအသစ်များကို ရယူနိုင်ပြီး မိမိတို့၏ ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ ရှေ့လာမည့် ဖေဖော်ဝါရီလအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးလာ ရောက်ချိန်တွင် သမ္မတ Marcos သည် လှိုက်လှဲစွာလက်ခံကြိုဆိုမည်ဖြစ်ပါကြောင်းဖြင့် ဖိလစ်ပိုင်လွှတ်တော်ဥက္ကဋ္ဌ Romualdez က ကမ္ဘောဒီးယားဝန်ကြီးချုပ်သို့ ပြောကြားခဲ့သည်ဟု PTV News သတင်းဌာနက ဖော်ပြထားသည်။

Source: PTV News, 19 Nov 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)