Main menu

ဆန်တန်ချိန် ၃၂၇၀၀၀ တင်သွင်းရန် ပုဂ္ဂလိကကဏ္ဍသို့ ဘင်္ဂလားဒေ့ရှ်အစိုးရ တိုက်တွန်း

Powered by Drupal

    နိုင်ငံတစ်ဝှမ်း လက်လီဈေးကွက်ရှိ ဆန်ဈေးနှုူန်းများကို ပိုမိုထိန်းချုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် တစ်လအတွင်း ဆန်တန်ချိန် ၃.၂၇ သိန်း တင်သွင်းရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ တိုက်တွန်းထားကြောင်း သိရသည်။

    အထက်ဖော်ပြပါ ဆန်တန်ချိန်ပမာဏကို တင်သွင်းရန်အတွက် သွင်းကုန်လုပ်ငန်းရှင် စုစု ပေါင်း ၅၉ ဦး၏ အမည်စာရင်းကို အစိုးရက အတည်ပြုထားပြီးဖြစ်ကြောင်း၊ ၎င်းပမာဏအနက် တန်ချိန် ၂.၄၇ သိန်းသည် ပေါင်းဆန်များဖြစ်ပြီး ကျန်ဆန်တန်ချိန် ၈၀၀၀၀ မှာ Atap rice ခေါ် ပေါင်းဆန်မဟုတ်သောဆန်များဖြစ်ကြောင်း စားနပ်ရိက္ခာဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၂ ရက်နေ့ တွင် ထုတ်ပြန်သည့် အမိန့်စာအရ သိရပါသည်။

    လာမည့် Aman ခေါ် မိုးစပါးများအား ရိတ်သိမ်းထွက်‌ရှိချိန်၌ ဖြစ်ပေါ်နိုင်သည့် လျော့နည်း ကွာဟချက်ကို ကာမိစေရန်အတွက် အဆိုပါထုတ်ပြန်ခဲ့သော အမိန့်အား ချက်ချင်းလက်ငင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့ ဆန်တင်သွင်းမှုသည် အများဆုံး အချိန် ကာလ တစ်လခွဲခန့် လိုအပ်နိုင်ဖွယ်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ၎င်းအမိန့်စာတွင် ပုဂ္ဂလိက ဆန်တင်သွင်းသူများအနေဖြင့် ဒီဇင်ဘာ ၁၀ ရက်နေ့အတွင်း တင်သွင်းလာသည့် ဆန်ပမာဏကို ဈေးကွက်တင်ဖြန့်ဖြူးရမည်ဟု ဖော်ပြထားကြောင်း၊ အဆိုပါ ကုန်စည်များကို တင်သွင်းသည့်ကုမ္ပဏီများ၏ အမည်ဖြင့် ပြန်လည်ထုပ်ပိုးရောင်းချခြင်းအစား မူရင်းတင်သွင်းလာသည့် ထုပ်ပိုးမှုပုံစံအတိုင်း ဈေးကွက်အတွင်းသို့ တိုက်ရိုက်ရောင်းချရမည်ဖြစ်ကြောင်း သိရပါသည်။

     Rice Arotder Samity အသင်း၏ အထွေထွေအတွင်းရေးမှူး Nirod Baran Saha က အစိုးရ၏ ဆန်တင်သွင်းခွင့်ပြုရန် ဆုံးဖြတ်ချက်သည် စျေးကွက်အတွင်း ဆန်ဈေးနှုန်းကို လျော့ကျစေမည်ဖြစ်ကြောင်း၊ ဆန်တင်သွင်းမှုသည် အသစ်ရိတ်သိမ်းထွက်ရှိလာသည့် စပါးများ၏ ဈေးနှုန်းအပေါ် သက်ရောက်မှုရှိနိုင်မည် ဖြစ်ကြောင်းနှင့် လက်ရှိကာလ၌ စပါးတစ်ကီလိုဂရမ်လျှင် ၃၆ တာကာမှ ၃၆.၅၀ တာကာအတွင်း ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း BSS သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

    နိုဝင်ဘာ ၁၃ ရက်နေ့ရှိ အစိုးရ၏ အရန်ရိက္ခာ သိုလှောင်ထားရှိမှု ပမာဏမှာ တန်ချိန် ၁၂၈၈၅၁၃ ရှိပြီး ယင်းတို့အနက် ဆန် ၈၄၈၁၃၉ တန်၊ ဂျုံ ၄၃၉၅၆၄ တန်နှင့် စပါး ၁၂၄၅ တန် ဖြစ်ကြောင်း သိရပါသည်။

Source: BSS News, 14 Nov 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)