Main menu

ပေါ်ဦးပေါ်ဖျားရာသီစာ (သို့မဟုတ်) စတော်ဘယ်ရီသီးများ စတင်ထွက်ရှိ

Powered by Drupal

              တောင်ပေါ်ဒေသ၏ အစားအစာတစ်ခုဖြစ်သော ရာသီစာ စတော်ဘယ်ရီသီးများ ဆောင်းအဝင်နှင့် အပြိုင် စတင်ထွက်ရှိလာပြီဖြစ်ပါသည်။ စတော်ဘယ်ရီကို တောင်ပေါ်ဒေသများဖြစ်သော ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော၊ ဟိုပုံးစသည့်မြို့နယ်များတွင် အထူးစိုက်ပျိုးကြပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) မြို့များနှင့် ပြင်ဦးလွင်မြို့နယ်တို့တွင်လည်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

           ဒေသမျိုးနှင့် ထိုင်ဝမ်မျိုး(အကြီး၊ အမာ၊ လိပ်ပြာ)ဟူ၍ အမျိုးအစား (၂)မျိူးရှိပြီး ဒေသမျိုးမှာ အချဉ်ဓာတ်ပိုမိုများကာ ကြာရှည်အထားမခံသောကြောင့် ထိုင်ဝမ်မျိုးများကို ပိုမိုစိုက်ပျိုးလာကြကြောင်းသိရှိရပါသည်။ စတော်ဘယ်ရီပင်များကို မိုးကုန်ကာလများမှ စတင်စိုက်ပျိုးကြပြီး (၄) လအကြာတွင် ခူးဆွတ်နိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။ စတော်ဘယ်ရီပင်များသည် နေရောင်ခြည်နှင့် အစိုဓါတ်အား အထူးနှစ်ခြိုက်သော်လည်း ရေဝပ်သောမြေများတွင်မူ ကောင်းစွာဖြစ်ထွန်းနိုင်ခြင်းမရှိကြောင်းကိုလည်း သိရှိရပါသည်။

            စတော်ဘယ်ရီသီးတွင် ဗီတာမစ်စီနှင့် ဆာလီဆီလစ်အက်ဆစ်(Salicylic Acid) ဒြပ်စင်များ ကြွယ်ဝစွာပါဝင်ပါသည်။ ထိုအက်စစ်သည် အာရုံကြောကိုက်သော ရောဂါများသာမက အဆစ်နှင့် ပတ်သက်သော အဆစ်ရောင်ရောဂါနှင့် ဂေါက်ရောဂါတို့ကိုလည်း သက်သာပျောက်ကင်းစေနိုင်ကြောင်း  သိရှိရပါသည်။ အသီးတင်မက စတော်ဘယ်ရီအရွက်ကို လက်ဖက်ရွက်ကဲ့သို့ ဖျော်သောက်ပေးရုံဖြင့်လည်း အာဟာရဓာတ်များရရှိနိုင်ကြောင်း သိရှိရပါသည်။

           များမကြာမီအချိန်တွင် စတော်ဘယ်ရီသီးများကို ကလော-တောင်ကြီးလမ်းတစ်လျှောက်နှင့် တောင်ကြီး-ဟိုပုံးလမ်းတစ်လျောက် လှိုင်လှိုင်ရောင်းချနေသည်ကို တွေ့ရှိနိုင်မည်ဖြစ်ပြီး အချို့လက်ကားသစ်သီးဒိုင်များမှလည်း မြန်မာပြည်အနှံ့ပို့ဆောင်ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)