တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတောင်ဘက်စွန်း ပင်လယ်ထွက်ပေါက်ရှိရာ တိုင်းဒေသကြီးဖြစ်သဖြင့် ဒေသခံအများစုသည် ပင်လယ်ပြင်သို့ ငါးဖမ်းစက်လှေအကြီး/ အလတ်/အငယ်များ တစ်နိုင်တစ်ပိုင်လှေများဖြင့် ပင်လယ်ပြင်သို့ထွက်ကာ ပုစွန်များအား ဖမ်းယူကာ ပုစွန်အစိုများအား ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းစျေးကွက်များတွင် ရောင်းချခြင်းများ၊ နေလှန်းကာ ပုစွန်ခြောက်များ ပြုလုပ်ကာ မြန်မာနိုင်ငံနေရာအနှံ့အပြားသို့ တင်ပို့ ရောင်းချလျက်ရှိပါသည်။
ယခု နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ထားဝယ်စျေးကွက်တွင် ဒေသတွင်း စားသုံးမှုများသော ပုစွန်ခြောက်စျေးနှုန်းများမှာ အကောင်သေး တစ်ပိဿာလျှင်(၂၅၀၀၀ကျပ်)၊ အလတ်ဆိုဒ် တစ်ပိဿာလျှင်(၉၀၀၀၀ကျပ်)နှင့် အကောင်ကြီး တစ်ပိဿာလျှင် (၁၂၀၀၀၀ကျပ်) အသီးသီးရှိကြောင်း ထားဝယ်မြို့မစျေးကြီးနှင့် ကမ်းနားပျံကျစျေးများရှိ ပုစွန်ခြောက်ကုန်သည်များထံမှ သိရှိရပါသည်။
ယခုကာလသည် တန်ဆောင်တိုင် ကထိန်ပွဲများကျင်းပပြုလုပ်လျက်ရှိသဖြင့် အလှူပွဲများတွင် ပုစွန်ခြောက်ငံပြာရည်ကြော်များ ထည့်သွင်းကျွေးမွေးသဖြင့် ပုစွန်ခြောက်များမှာ အရောင်း အဝယ်သွက်လျက်ရှိပြီး ပုံမှန်အရောင်းစျေးနှုန်းထက်အနည်းငယ်ခန့် တက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)