မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် ဆီထွက်သီးနှံမြေပဲများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ယောနယ်ဒေသများနှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာများမှထွက်ရှိသော မိုးမြေပဲ(အသစ်)များ ပခုက္ကူဈေးကွက်သို့ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခု ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် ဆီထွက်သီးနှံ မြေပဲအတောင့်နှင့်အဆံများ ဈေးအနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဈေးကွက်သို့ ဝင်ရောက်လာသော မြေပဲ အတောင့်နှင့် အဆံများကို မြို့ပေါ်ရှိ လှောင်လက်သမားများ၊ ဆီစက်လုပ်ငန်းရှင်များ အဝယ်လိုက်ခြင်းအပြင် ပြည်ပတရုတ်နိုင်ငံမှလည်း ဝယ်လိုအား များလျက်ရှိ၍ ဈေးနှုန်းမြင့်တက်ကြောင်း၊ မြေပဲဆံအရည်အသွေးနှင့် ဝယ်လိုအားပေါ်မူတည်၍ ဈေး အနိမ့်၊ အမြင့်ရှိကြောင်း သိရှိရသည်။
ပခုက္ကူပွဲရုံဈေးကွက်တွင် ဖြစ်ပေါ်နေသော မြေပဲဈေးနှုန်းများမှာ ယခုတစ်ပတ်တွင် မြေပဲတောင့်(အခြောက်) တစ်ပိဿာလျှင် ကျပ်(၅၃၀၀ - ၄၈၀၀)၊ ယခင်တစ်ပတ် မြေပဲတောင့် (အခြောက်) တစ်ပိဿာလျှင် ကျပ်(၅၁၀၀ - ၄၆၀၀)၊ တစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ်(၂၀၀) ဈေးတက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခုတစ်ပတ်တွင် မြေပဲလုံးဆံ(နီ) တစ်ပိဿာလျှင် ကျပ်(၈၃၀၀-၈၂၀၀-၈၁၅၀)၊ ယခင်တစ်ပတ်တွင် မြေပဲလုံးဆံ(နီ) တစ်ပိဿာလျှင် ငွေကျပ် (၈၁၅၀ - ၈၁၀၀- ၇၉၀၀)၊ တစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ်(၁၅၀) ဈေးတက်၍ အရောင်းအဝယ် ဖြစ်ခဲ့သည်။ မြေပဲလုံးဆံ(ဖြူ)တစ်ပိဿာလျှင် ယခုတစ်ပတ်တွင် ကျပ်(၈၂၀၀-၈၁၀၀-၇၈၅၀)၊ ယခင် တစ်ပတ်တွင် မြေပဲလုံးဆံ(ဖြူ)တစ်ပိဿာ လျှင် ငွေကျပ်(၈၁၀၀ - ၈၁၅၀ - ၈၀၀၀)၊ တစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ်(၁၀၀) ဈေးတက်၍ အရောင်းအဝယ်ဖြစ်ခဲ့သည်။ မြေပဲဆီဆံ တစ်ပိဿာလျှင် ယခုတစ်ပတ်တွင် ကျပ်(၇၂၀၀ - ၇၀၀၀)၊ ယခင်တစ်ပတ်တွင် ကျပ် (၇၀၀၀ - ၆၉၀၀)၊ တစ်ပတ်အတွင်း ကျပ်(၁၀၀)ခန့် ဈေးတက်၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
ပခုက္ကူမြေပဲဆံဈေး အနည်းငယ်မြင့်တက်ရခြင်းမှာ ဈေးကွက်သို့ မြေပဲဆံ (အသစ်)များ ဝင်ရောက်မှုနည်းခြင်းနှင့် ဒေသတွင်းသုံးစွဲမှုအပြင် ပြည်ပနိုင်ငံများမှ အဝယ်လိုက်ခြင်းကြောင့် ဈေးအနည်းငယ်မြင့်တက်ခြင်းဖြစ်ကြောင်း ဈေးကွက်မှ သိရှိရပါသည်။
DOCA(မကွေး)