Main menu

ဆိပ်ဖြူမြို့နယ်တွင် ဆောင်းသီးနှံကုလားပဲ စတင်စိုက်ပျိုး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေပြု၍ နှစ်စဉ်စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ခဲ့ရာ စိုက်ပျိုးရေးအနေဖြင့် ဆန်စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံနှင့် ကြက်သွန်နီအပါအဝင် ကုန်စိမ်းသီးနှံမျိုးစုံနှင့် ဥယျာဉ်ခြံမြေများတွင် ရာသီပေါ် ပန်းမျိုးစုံစိုက်ပျိုးခြင်းဖြင့် ဒေသစီးပွားဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။

    သီးနှံမျိုးစုံအနက် ကုလားပဲသီးနှံကို ဒုတိယအများဆုံး စိုက်ပျိုးလျက်ရှိသည်။ ဆိပ်ဖြူမြို့ပေါ် (၄)ရပ်ကွက်၊ ကိုးတောင့်၊ ချင်တောင်၊ မြင်ကဝ၊ ဂွေးပင်၊ အူရှည်အလယ်စု၊ လိပ်ခြံ၊ တပေါင်း အုပ်စုများအတွင်းရှိ ကျေးရွာများတွင် နှစ်စဉ်စိုက်ဧက (၄၀၀၀)ခန့် ကိုင်းကျွန်းမြေများနှင့် စပါးခင်းကျွတ် လယ်ကွဲမြေများတွင် စိုက်ပျိုးကြောင်း၊ အောက်တိုဘာလကုန်မှ နိုဝင်ဘာလအထိ စိုက်ပျိုးပြီး ဖေဖာ်ဝါရီလကုန် မတ်လပိုင်းတွင် သီးနှံရိတ်သိမ်းကြောင်း၊ ဒေသခံတောင်သူများသည် မျိုးအနေဖြင့် ကုလားပဲလုံးကြီး(အဖြူ)မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ မြေပြုပြင်ပြီး နွားရှဉ်းဖြင့် ထယ်ချောင်း ပေး၍ အစေ့ဖြူးချစနစ်ဖြင့် စိုက်ပျိုးပြီး မြေအောက်ရေအပြင် လိုအပ်ပါက ရေဖြန်းစနစ်ဖြင့် စိုက်ပျိုးကြောင်း သိရှိရသည်။

      စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ကုလားပဲ(၂)တင်းခန့် ကျဲပက်စိုက်ပျိုးရပြီး မျိုးတစ်တင်းလျှင် ကျပ်(၁၂၀၀၀၀)ဖြင့် ဝယ်ယူစိုက်ပျိုးရပြီး စိုက်ပျိုးချိန်တွင် အလုပ်သမားငှားရမ်းမှု စရိတ်ကြီးမြင့်ကြီးနှင့် သွင်းအားစုအမျိုးမျိုးဈေးကြီးမြင့်ခြင်းကြောင်း၊ တစ်ဧက ကျပ်(၈)သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်တွင် ကုလားပဲအထွက်တင်း(၂၀-၂၂)တင်းခန့်ထွက်ရှိပြီး တစ်တင်းလျှင် အမြင့်ဈေး ကျပ်(၁၀၅၀၀၀)ပေါက်ဈေးရှိခဲ့၍ ကျပ်(၁၅)သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း၊ ယခုနှစ်တွင်လည်း သီးနှံ အထွက်ကောင်းပြီး ဈေးကောင်းရရှိပါက တောင်သူအဆင်ပြေမည် ဖြစ်ကြောင်း သိရှိရသည်။

     မြန်မာနိုင်ငံတွင် ကုလားပဲသီးနှံကို တစ်နှစ်လျှင် ဆောင်းတစ်ရာသီသာ စိုက်ပျိုးလျက်ရှိသည်။ ကုလားပဲသီးနှံသည် အခြားသီးနှံများထက် ပြည်တွင်းစားသုံးမှု မြင့်မားပြီး ကုလားပဲ ကုန်ကြမ်းမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ကုလားပဲခြမ်း၊ ကုလားပဲမှုန့် အစိမ်း၊ အကျက်အပြင် စားသုံးကုန်အမျိုးမျိုး ထုတ်လုပ်ပြီး ပြည်တွင်းစားသောက်ကုန်လုပ်ငန်းရှင်များမှ ဒေသအနှံ့အပြား ထုတ်လုပ်ဖြန့်ဖြူးခြင်းအပြင် ပဲခွဲစက်များလည်း တွင်ကျယ်စွာ လည်ပတ်လျက်ရှိ၍ ပြည်တွင်း MSME၊ အသေးစားစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းအပြင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိလျက်ရှိသည်။ ယခုအချိန်တွင် ကုလားပဲသီးနှံကို ပြည်တွင်းစားသုံးမှု ပိုမိုမြင့်မားလာ၍ ကုလားပဲဈေးကွက် ခိုင်မာမှုရှိခြင်းကြောင့် စိုက်တောင်သူများမှလည်း စိုက်ပျိုးစရိတ်သက်သာပြီး အကျိုးအမြတ်များစွာရရှိသော ကုလားပဲသီးနှံကို စိုက်ပျိုး၍ ရရှိသောမြေများတွင် နှစ်စဉ်မပြတ်စိုက်ပျိုးလျက်ရှိ‌ကြောင်း သိရှိရသည်။

DOCA(မကွေး)