Main menu

ဆိပ်ဖြူမြို့နယ်၌ ရာသီစာကန်စွန်းဥစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

Powered by Drupal

              မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူနယ်သည် စိုက်ပျိုးရေးကိုအဓိကအားထား၍ ဒေသစီးပွားဖြစ်လုပ်ကိုင်ကြပြီး ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးရာမှ ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သည့် ရာသီစာကန်စွန်းဥစိုက်ပျိုးခြင်းကို နှစ်စဉ်မပြတ် ဒေသစီးပွားဖြစ် စိုက်ပျိုးကြပါသည်။ ဆိပ်ဖြူမြို့နယ်အတွင်း ကိုးတောင့်အုပ်စုအတွင်း ရေလယ်ကျွန်း၊ သံဇလုံ၊ တောင်ငယ်လုံး၊ ပဒေသာကျွန်း၊ ကျီးပင်၊ ကျီးရွာများတွင် ကန်စွန်းဥစိုက်ခင်းများကို ကိုင်းကျွန်းမြေများတွင် အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း၊ ယခင်နှစ်တွင် စိုက်ဧက(၅၀၀)ခန့် စိုက်ပျိုးပြီး ယခုနှစ်တွင် စိုက်ခင်းများအတွင်း စိုက်ပျိုးထားရှိသော ကန်စွန်းပျိုးခင်းများတွင် မိုးရွာသွန်းမှုများပြီး ရေဝင်ပျက်စီးခြင်းကြောင့် စိုက်ပျိုးမှုလျော့နည်းသွားပြီး စိုက်ဧက(၃၀၀)ခန့် သာစိုက်ပျိုးထားရှိကြောင်း သိရှိရသည်။

          ကန်စွန်းဥမျိုးအနေဖြင့် ရွှေဝါနှင့် ငချိတ်မျိုးကို အဓိကစိုက်ပျိုးပြီး တစ်ဧကလျှင် ကန်စွန်းညွှန့် (၃)သောင်းခန့်စိုက်ပျိုးရကြောင်း၊ မြေအောက်ရေအပြင်လိုအပ်ပါက ရေသွင်းစိုက်ပျိုးကြောင်း၊ ဥစားကန်စွန်းညွှန့်များကို စက်တင်ဘာလကုန် အောက်တိုဘာလဆန်းတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွင်တူးဖော်ကြောင်း၊ တောင်သူတစ်ဦးချင်း မြေသားအနေအထားနှင့် ရာသီဥတုပေါ် မူတည်၍ စိုက်ပျိုးချိန်မတူညီခြင်းကြောင့် တူးဖော်ချိန်မှာလည်းမတူညီကြောင်း၊ ကန်စွန်းဥတူးဖော်ချိန်နောက်ကျလျှင် သီးနှံအချိုအရသာလျော့နည်းခြင်းအပြင် ကန်စွန်းဥတွင်ပိုးဝင်၍ ပျက်စီးမှုများခြင်းကြောင့် (၃)လအကြာတွင် တူးဖော်ကြောင်းသိရှိရသည်။

          ကန်စွန်းဥတစ်ဧကစိုက်ပျိုးလျှင် အထွက်နှုန်းအနေဖြင့် ပိဿာ(၃၀၀၀ - ၃၅၀၀)ခန့် ထွက်ရှိပြီး ယခင်နှစ် ဒေသပေါက်ဈေးအနေဖြင့် တစ်ပိဿာလျှင်လက်လီဈေး ကျပ်(၁၈၀၀ - ၂၀၀၀)၊ လက်ကားဈေး ကျပ်(၈၀၀ - ၁၅၀၀)ပေါက်ဈေးဖြင့်ရောင်းချရ၍ အကျိုးအမြတ်အနေဖြင့် ငွေကျပ် သိန်း(၂၀)ခန့် ရရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ကန်စွန်းစိုက်ပျိုးတူးဖော်ရာတွင် အလုပ်သမားငှားရမ်းမှုနည်းပြီး မိသားစုများပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ငွေကျပ်(၄)သိန်းခန့်သာကုန်ကျကြောင်း၊ ယခုနှစ် သီးနှံပေါ်ချိန်တွင် ကန်စွန်းအထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိပါက စိုက်တောင်သူများဈေးကောင်းရရှိပြီး အကျိုးအမြတ်များစွာရရှိမည်ဖြစ်ကြောင်း ရေလယ်ကျွန်းကျေးရွာရှိ ကန်စွန်းစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)