Main menu

ဆိပ်ဖြူမြို့ ကုန်စိမ်းသီးနှံဈေးကွက်၌ ကြက်သွန်ဖြူသီးနှံဈေးတက်ပြီး အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ စိုက်တောင်သူများသည် ကြက်သွန်ဖြူနှင့် အာလူးသီးနှံကို ရေမြေရာသီဥတုနှင့်မကိုက်ညီ၍ စိုက်ပျိုးမှုမရှိခြင်းကြောင့် စားသုံးမှုလိုအပ်ချက်အရ အခြားမြို့နယ်များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူကို ရှမ်းပြည်နယ်၊ အောင်ပန်းနှင့် ယောနယ်ဒေသ၊ ဆော၊ ပေါက်၊ ကျောက်ထုမြို့များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်တွင် ဈေးနှုန်းကျဆင်းခြင်းမရှိ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် ကြက်သွန်ဖြူအမျိုးအစား၊ အရည်အသွေးနှင့် အရွယ်အစားလိုက်၍ ဗမာကြက်သွန်ဖြူတစ်ပိဿာလျှင် ကျပ်(၂၀၀၀၀ - ၁၃၅၀၀)၊ ရှမ်းပြည် ကြူကုတ် တစ်ပိဿာလျှင် ကျပ်(၂၂၀၀၀-၁၃၀၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် အောက်တိုဘာလ(တတိယပတ်)နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်လအတွင်း ကျပ်(၅၀၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

          ဈေးနှုန်းမြင့်တက်ရခြင်းမှာ ကြက်သွန်ဖြူသီးနှံများ ဈေးကွက်သို့ ဝင်ရောက်မှုနည်းပြီး ဝယ်ယူစားသုံးမှုမြင့်မားလျက်ရှိခြင်းနှင့် သယ်ယူစရိတ်မြင့်တက်ခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ကုန်စိမ်းသီးနှံရောင်းဝယ်ရေးဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)