Main menu

ရာသီစာမှိုများ ဈေးကွက်တွင် ဈေးကောင်းရရှိကြောင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်သာပေါင်းမြို့နှင့် ပုသိမ်မြို့ပေါ်ရှိ မြို့မဈေးကြီး အပါအဝင် ယာယီပျံကျဈေးများတွင် ရာသီစာသဘာဝမှိုများလာရောက် ရောင်းချနေကြရာ ဝယ်ယူ စားသုံးသူ များပြားပြီး ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

     ပုသိမ်မြို့နယ်နှင့်အနီးပတ်ဝန်းကျင်ဒေသများရှိ တောတောင်၊ တောင်ပို့များမှ ထွက်ရှိသော သဘာဝမှိုများဖြစ်သည့် မှိုအုန်းနက်နှင့်မှိုဖြူများကို မြို့ပေါ်ရှိဈေးကွက်များအတွင်း လာရောက် ရောင်းချလျက်ရှိပြီး မှိုတစ်ပိဿာ၏ ဈေးနှုန်းမှာငွေကျပ် ၂၅၀၀၀ မှ ၂၈၀၀၀အထိ မှိုအဝင်အထွက်ပေါ်မူတည်၍ ဈေးနှုန်းအတက်အကျရှိကြောင်း၊ ယခုနှစ် မှိုထွက် ရာသီကာလတွင် မိုးနှောင်း မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် မှိုအထွက်နောက်ကျပြီး မှိုထွက်ချိန်ပြောင်းကာ ရှာဖွေရခက်ခဲကြောင်း၊ ရာသီစား သဘာဝမှိုများကို ယခုနှစ် စက်တင်ဘာလလယ်ပိုင်းက စတင်ကာ ရှာဖွေနှုတ်ယူပြီး လာရောက်ရောင်းချခြင်းဖြစ်ကြောင်း ပုသိမ်မြို့မဈေးကြီးအတွင်း လာရောက်ရောင်းချသည့် မှိုဈေးသည်တစ်ဦးက ပြောပြသည်။

      အရန်ဟင်းတမျိုးဖြစ်သည့် မှိုနှင့်ကန်စွန်းရွက်ရော၍ ကြော်စားခြင်း၊ မှိုချဉ်စပ်ဟင်းများ ချက်ပြုတ်စားခြင်း ရာသီပေါ်ချိန်သာစားရသော မှိုအုန်းနက်နှင့် မှိုဖြူများ၏ အရသာမှာ အလွန်ပင် ထမင်းမြိန်စေပါသည်။

     ပုသိမ်မြို့ပေါ်ဈေးကွက်များတွင် မှိုအထွက်နှုန်း အနည်းအများပေါ်မူတည်ပြီး မှိုလာရောက်ရောင်းချမှုရှားပါးခြင်းကြောင့် မိမိကြိုက်နှစ်သက်သည့်အချိန်တွင် ဝယ်ယူရန်ခက်ခဲကြောင်း မှိုဝယ်ယူအားပေးသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

DOCA(ဧရာဝတီ)