ထိုင်းနိုင်ငံ၏ စားနပ်ရိက္ခာကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၅ ခုနှစ်တွင် ဘတ်ငွေ ၇၀၀ ဘီလီယံကျော်အထိ ရောက်ရှိရန်မျှော်မှန်းထားပြီး ၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့စားနပ်ရိက္ခာ ဗဟိုချက်ဖြစ်လာရန် ထိုင်းနိုင်ငံအား ပုဂ္ဂလိကကဏ္ဍများမှ တွန်းအားပေးရန်စီစဉ်ထားကြောင်းသိရသည်။ ထိုင်းစားသောက်ဆိုင်များအသင်းဥက္ကဋ္ဌ Taniwan Konnmongkon ၏ ပြောကြားချက်အရ ထိုင်းနိုင်ငံ၏စားသောက်ကုန် ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၄ ခုနှစ်တွင် ထိုင်းဘတ်ငွေ ၆၉၀ ဘီလီယံအထိ ရှိလာမည်ဟုခန့်မှန်းထားပြီး တိုးတက်မှုနှုန်း ၅% ဖြင့် လာမည့်နှစ်တွင် ဘတ်ငွေ ၇၀၀ ဘီလီယံ ကျော်လွန်နိုင်သည်ဟုဆိုသည်။ နိုင်ငံတော်ဝင်ငွေ၏ အရေးပါသောကဏ္ဍတစ်ခုအဖြစ် စားသောက်ဆိုင်ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်ရည်ရွယ်၍ မစ္စတာ Taniwan မှ သူမ၏ အဖွဲ့အစည်းသည် ထိုင်းနိုင်ငံခရီးသွားလုပ်ငန်း အာဏာပိုင်(TAT)၊ Phoenix Food Wholesale Hub၊ ထိုင်းကုန်သည်ကြီးများအသင်း၊ ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ်၊ ထိုင်းကျန်းမာရေးမြှင့်တင်ရေးဖောင်ဒေးရှင်းတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဖြေကြားခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ခရီးသွား ၃၉ သန်းအား ကြိုဆိုနိုင်ရန်ရည်မှန်းထားပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဘတ် ၃.၄ ထရီလီယံအထိတိုးမြင့်လာစေရန် ထိုင်းအစားအသောက်များက အရေးပါသောအခန်းကဏ္ဍတွင်ပါဝင်လျက်ရှိကြောင်း သူမကဆက်လက်ပြောကြားခဲ့သည်။ သီးခြားဖွံ့ဖြိုးတိုးတက်မှုတစ်ခုအဖြစ် ထိုင်းစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းနှင့် ထိုင်းကုန်သည်ကြီးများအသင်းတို့သည် ၂၀၁၉ ခုနှစ်မှစ၍ ဆက်တိုက်ဈေးနှုန်းနိမ့်ကျခဲ့သော ကကတစ်ငါးများအား နာမည်ပြန်လည်ရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြသည်။ ထိုင်းကုန်သည်ကြီးများအသင်း၏ ကူညီပံ့ပိုးမှုဖြင့် ထိုပဏာမခြေလှမ်းသည် နိုင်ငံ၏ပင်လယ်စာဈေးကွက်အား ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာစေမည်ဖြစ်သည်။ မလေးရှားနိုင်ငံသည် ပုဇွန်မွေးမြူခြင်းမှ ကကတစ်ငါးမွေးမြူခြင်းဘက်သို့ အာရုံပြောင်းလာခဲ့ပြီးနိုင်ငံ၏ ပင်လယ်စာလုပ်ငန်းသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့် မလေးရှားနိုင်ငံသည် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်အရ ထိုင်းသို့ အကောက်ခွန် ၀% ဖြင့် ကကတစ်ငါးများကို စတင်၍တင်ပို့ခဲ့သည်။ ထိုင်းကုန်သည်ကြီးများအသင်း၊ ထိုင်းစားသောက်ဆိုင်အသင်းနှင့် Thai Marine Finfish Farmer Association တို့သည် ယခုအခါ ထိုင်းနိုင်ငံတွင် ဘေးကင်း၍သန့်ရှင်းလတ်ဆတ်ပြီး အနံ့အသက်ကင်းသော ပင်လယ်ကကတစ်များကို စားသုံးမှုမြှင့်တင်ရန် လုပ်ဆောင်လျက်ရှိသည်။ TFTM ၂၀၂၄ နောက်ပိုင်းတွင် အမှာစာများ သိသိသာသာတိုးလာမည်ဟု မျှော်လင့်ရပြီး ငါးမွေးမြူသူများအတွက် ဝင်ငွေများလည်းတိုးလာရန် မျှော်လင့်ထားကြောင်း Mrs Taniwan မှ ပြောကြားခဲ့သည်။
Source : bangkokpost
DOCA(ရန်ကုန်)