Main menu

ပဲခူးတိုင်းမှ တန်ဖိုးမြှင့်ထုတ်ကုန် ရှောက်ပျားရည်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ ဒေသထွက်ကုန် ရှောက်သီးမှထုတ်လုပ်သည့် ရှောက်ပျားရည်နှင့် ရှောက်သီးဆေးပြားသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဒေသထွက် အိမ်ပြန် လက်ဆောင်အနေဖြင့် ဈေးကွက်အတွင်း တဖြည်းဖြည်းဝင်ရောက်လျက်ရှိကြောင်းသိရသည်။ ရှောက်ပျားရည်ထုတ်လုပ်ရန် ကုန်ကြမ်းဖြစ်သော ရှောက်သီးကို နီးစပ်ရာမြို့ဖြစ်သော ရွှေကျင်၊ ရှောက်ခြံများမှ အဓိကဝယ်ယူပြီး မွန်ပြည်နယ် ကျိုက်ထို၊ ဘီလင်းမြို့တို့ရှိ ရှောက်ခြံများမှလည်း ကုန်ကြမ်းလိုအပ်လျှင် လိုအပ်သလောက်ဝယ်ယူရပြီး ရှောက်သီးတစ်လုံးလျှင် (၈၀၀) ကျပ်မှ (၁၀၀၀) ကျပ်ထိ ဝယ်ယူရကြောင်းသိရှိရသည်။

        ရှောက်ပျားရည်ထုတ်လုပ်ရာတွင် ရှေးဦးစွာ ကုန်ကြမ်းဖြစ်သော ရှောက်သီးကို ထက်ခြမ်းခွဲပြီး စက်ဖြင့် ရှောက်ရည်ညှစ်ထုတ်သန့်စင်ရပြီး ရှောက်ပျားရည်ပြုလုပ်ရန်အတွက် သကြား၊ ပျားရည်၊ ရှောက်ချဉ်ရည်တို့ဖြင့် အချိုးအစားညီမျှစွာရောစပ်ပြီး အပူချိန် ( 90°C )အတွင်းကျိုချက်၍ ထုတ်လုပ်ရကြောင်းသိရှိရသည်။ ရှောက်ပျားရည်တစ်ပုလင်းအတွက် ရှောက်သီး (အနု၊ အရင့်၊ အကြီး၊ အသေး) ပေါ်မူတည်၍ ရှောက်သီး (၇လုံးမှ ၁၀လုံး)ခန့်အသုံးပြုရကြောင်းသိရှိရသည်။ ရှောက်ရည်ညှစ်ပြီး သန့်စင်ရာ၌ ကျန်ရှိသောရှောက်သီးဖတ်များအား ရှောက်သီးဆေးပြားထုတ်လုပ်ရန် အသုံးပြုပြီး  ပုံသဏ္ဌာန်အမျိုးမျိုးအနေဖြင့် ပျားရည်နှင့်နှပ်ထားသော (ရှောက်သီးဆေးပြားဘူး၊ ရှောက်ချိုမွှေး၊ ရှောက်ချိုပေါင်း၊ ရှောက်သီးဆေးပြားအမျှင်) စသည်ဖြင့် ထုတ်လုပ်လျက်ရှိပြီး လက်ရှိတွင် လုပ်သားအရေအတွက် (၃၀)ဦးခန့်ဖြင့် လုပ်ငန်းလုပ်ကိုင်လျက်ရှိကြောင်းသိရှိရပါသည်။ ထုတ်လုပ်မှုပမာဏအားဖြင့် တစ်နှစ်လျှင် ‌ရှောက်ချဉ်ရည်ပုလင်း နှစ်သိန်းခန့်၊ ‌ရှောက်ပျားရည်ပုလင်း ၅၀၀၀ခန့်၊ ‌‌‌ရှောက်သီးဆေးပြား တစ်နှစ်လျှင် ပိဿာချိန် (၇၀၀၀)ခန့်ထုတ်လုပ်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ရှောက်ပျားရည်တစ်ပုလင်းလျှင် ၅၄၀၀ကျပ်ဖြင့် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ နေပြည်တော် (ပျဉ်းမနား)အပြင် မြန်မာနိုင်ငံအတွင်းရှိ နေရာအနှံ့အပြားသို့  တင်ပို့ရောင်းချလျက်ရှိပြီး လူကြိုက်များကြောင်းလည်းသိရှိရသည်။

       ထိုကဲ့သို့ ဒေသထွက်ကုန်ရှောက်သီးအား နည်းအမျိုးမျိုးဖြင့် လေလွင့်မှုနည်းပါးအောင်  ထုတ်လုပ်ရောင်းချနိုင်ခြင်းအားဖြင့်  အကျိုးအမြတ်အနေဖြင့်လည်း အတော်အသင့်ကောင်းမွန်သည့်အပြင် ဒေသခံလုပ်သားများအနေဖြင့်လည်း အလုပ်အကိုင်ရရှိသောကြောင့် စီးပွားဖြစ်လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)