စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်ဦးဆောင်သော ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံး၏ ညှိနှိုင်းချက်အရ နိုဝင်ဘာလ ၂၁ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း ကျောင်းမုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါပူးပေါင်းအဖွဲ့သည် နံနက် (၀၉:၃၀) နာရီအချိန်တွင် တောင်ငူမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ကျောင်းမုန့်ဈေးတန်း၌လည်းကောင်း၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းမုန့်ဈေးတန်း၌လည်းကောင်း ရောင်းချသည့်အသင့်စားမုန့်များ၊ အသင့်သောက်အချိုရည်များ၊ မြန်မာ့ရိုးရာမုန့်များနှင့် အသုပ်အမျိုးမျိုးတို့အား စစ်ဆေးကြည့်ရှုခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူးက ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းမရှိသည့် အသင့်စားမုန့်များနှင့် အချိုရည်များကိုရောင်းချခြင်းမပြုရန်၊ မြန်မာ့ရိုးရာမုန့်များနှင့် အသုပ်အမျိုးမျိုးတို့တွင် ခွင့်မပြုဓာတုဆေးများပါဝင်သည့် စားသောက်ကုန်ပစ္စည်းများအသုံးမပြုရန်တို့ကို အသိပညာပေးပြောကြားခဲ့ပါသည်။
ပူးပေါင်းအဖွဲ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး(အစားအသောက်) ဒေါ်ဇင်မေဌေးဦးဆောင်သည့် ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ကျန်းမာရေးကြီးကြပ်(၁) ဦးမိုးကျော်ဦးဆောင်သည့် ဝန်ထမ်းများ၊ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)