အိန္ဒိယနိုင်ငံတွင် ၂၀၂၄-၂၅ သီးနှံရာသီနှစ်အတွင်း စိုက်ပျိုးထားရှိမှုမှ ထွက်ရှိသည့် ပဲစင်းငုံအသစ်များသည် ပမာဏအားဖြင့် နည်းပါးနေသေးသော်လည်း မဟာရဋ္ဌ၊ ကာနာတကာနှင့် တဲလန် ဂါနာ ပြည်နယ်များ၌ စတင်ဈေးကွက်ဝင်ရောက်လာပြီဖြစ်ပြီး စိုက်ပျိုးရာနယ်မြေဒေသ အသီးသီးတွင် ရင့်မှည့်မှုအခြေအနေ ကွဲပြားခြားနားချက်အရ ရှေ့လာမည့် ရက်သတ္တပတ် ၂ ပတ်ခန့်မှသာ အင်အားအပြည့်အဝဖြင့် ရိတ်သိမ်းထွက်ရှိမည်ဖြစ်ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။
အိန္ဒိယပဲမျိုးစုံနှင့်ကောက်ပဲသီးနှံအသင်း (IPGA) ၏ နောက်ဆုံးထုတ်ပြန်သော ဈေးကွက် အစီရင်ခံစာအရ ပဲစင်းငုံအသစ်များ၏ဈေးနှုန်းသည် မဟာရဋ္ဌပြည်နယ် Dudhani နှင့် Solapur ဈေးကွက်များတွင် ၁ ကွင်တယ် (၁၀၀ ကီလီုဂရမ်) လျှင် ရူပီးငွေ ၉၃၀၀ မှ ၁၀၆၀၀ အတွင်း၌ လည်း ကောင်း၊ ကာနာတကာပြည်နယ်ရှိ Kalaburagi ဒေသ၌ ရူပီး ၁၀၉၅၀ ဝန်းကျင်နှင့် Raichur ဒေသ တွင် ရူပီး ၁၀၃၆၅ မှ ၁၀၅၅၁ အတွင်း၌လည်းကောင်း၊ တဲလန်ဂါနာပြည်နယ် Narayanpeth ဒေသ တွင် ရူပီး ၁၀၉၀၀ မှ ၁၁၂၅၁ အတွင်းနှင့် Tandur ဒေသ၌ ရူပီး ၁၀၀၃၅ မှ ၁၀၄၃၁ အတွင်း နှုန်းထားများဖြင့်လည်းကောင်း အသီးသီးရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရသည်။
ပဲစင်းငုံအဟောင်း ၁ ကွင်တယ်၏ ဈေးနှုန်းများမှာမူ ကာနာတကာပြည်နယ်ရှိ Bidar ဒေသ၌ ရူပီး ၈၅၁၉ မှ ၈၈၃၆ အတွင်းနှင့် Kalaburagi ဒေသတွင် ရူပီး ၁၀၀၀၀ မှ ၁၀၈၆၂ အတွင်း ရှိနေ ချိန်၌ မဟာရဋ္ဌပြည်နယ် Akola နှင့် Amaravati ကုန်အဝယ်ဒိုင်များတွင် ရူပီး ၉၅၀၀ မှ ၁၀၄၀၀ အတွင်း ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိသည်။ Chennai ဆိပ်ကမ်းမြို့တွင်မူ ပြည်ပမှ တင်သွင်းသော သံပရိုသီးအရောင် ပဲစင်းငုံများ၏ ဈေးနှုန်းသည် ၁ ကွင်တယ်လျှင် ရူပီးငွေ ၉၅၀၀ မှ ၉၅၅၀ အတွင်းရှိသည်။ ၂၀၂၄-၂၅ သီးနှံရာသီမှ ထွက်ရှိသော ပဲစင်းငုံများကို အခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ်ချက် ၁ ကွင်တယ်လျှင် ၇၅၅၀ ရူပီးဖြင့် အနိမ့်ဆုံးဈေးနှုန်းထားရှိဝယ်ယူမည်ဟု အိန္ဒိယအစိုးရက ကြေညာချက်ထုတ်ပြန်ထားသည်။
ပြည်နယ်များစွာ၌ အစိုးရ ထောက်ပံ့ပို့ဆောင်ရေးကော်ပိုရေးရှင်း၏ ဝယ်လိုအားကြောင့် ဒေစီ ပဲစင်းငုံ အမျိုးအစားအပေါ် ဝယ်လိုအားမြင့်မားလျက်ရှိကြောင်း၊ ပဲခွဲစက်များ၏ လက်ဝယ် တွင် ကုန်လက်ကျန်ပမာဏ အလုံအလောက်မရှိပဲ အသစ်ထွက်ပေါ်လာမည့် သီးနှံဖြင့်သာ လုပ်ငန်း လည်ပတ်လုပ်ကိုင်ရန် စောင့်ဆိုင်းလျက်ရှိနေကြကြောင်း၊ ခြုံငုံသုံးသပ်ရပါက ယခုနှစ်၌ ပဲစင်းငုံ အထွက်ကောင်းမွန်ဖွယ်ရှိကြောင်း၊ သင့်လျော်မှန်ကန်သည့် အစိုဓာတ်ပါဝင်မှုနှုန်းဖြင့် သီးနှံများ ဈေးကွက်ဝင်ရောက်ချိန်တွင် ပဲခွဲစက်လုပ်ငန်းရှင်များက ဝယ်ယူကြလိမ့်မည်ဖြစ်ကြောင်း၊ ဈေးနှုန်း များသည် ဈေးကွက်ဝင်ရောက်လာမည့် သီးနှံပမာဏအပေါ် မူတည်လျက်ရှိသော်လည်း ပဲခွဲစက်များ၏ ဝယ်ယူမှုအခြေအနေက ဈေးနှုန်းကို အဆုံးအဖြတ်ပြုမည်ဖြစ်ကြောင်းဖြင့် Igrain India ကုမ္ပဏီမှ လုပ်ငန်းရှင် Rahul Chauhan က ပြောဆိုခဲ့သည်။
ကာနာတကာပြည်နယ် ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဥက္ကဋ္ဌ Basavaraj Ingin ကလည်း ပြည်နယ်အတွင်း အဓိကစိုက်ပျိုးထုတ်လုပ်သည့် Kalaburagi ခရိုင်၌ နေရာဒေသများစွာတွင် ပဲစင်းငုံစိုက်ခင်းများသည် ရင့်မှည့်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဒေသအချို့၌ သီးနှံရိတ်သိမ်းမှု စတင်လုပ်ဆောင်လျက်ရှိပြီး လာမည့်ရက်သတ္တနှစ်ပတ်အတွင်း အပြည့်အဝ ရိတ်သိမ်းခူးဆွတ်နိုင်မည်ဟု ခန့်မှန်းရကြောင်း ပြောကြားခဲ့သည်။
ဈေးနှုန်းများမြင့်မားခြင်း၏ ဆွဲဆောင်မှုအရ တောင်သူများက တိုးချဲ့စိုက်ပျိုးခဲ့ကြသဖြင့် ယခုနှစ် မိုးသီးနှံရာသီ၌ ပဲစင်းငုံစိုက်ပျိုးမှုဧရိယာမှာ ဟက်တာပေါင်း ၄၆.၅၀ သိန်း ရှိပြီး ယခင်နှစ် စိုက်ပျိုးမှု ဟက်တာ ၄၀.၇၄ သိန်းအပေါ် ၁၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ အိန္ဒိယအစိုးရ၏ ပထမအကြိမ် ကနဦးခန့်မှန်းချက်အရ ယခုနှစ် ပဲစင်းငုံထွက်ရှိနိုင်မှုသည် တန်ချိန် ၃၅.၀၂ သိန်းဖြင့် ယခင်နှစ် ထုတ်လုပ်မှု တန်ချိန် ၃၄.၁၇ သိန်းထက် အနည်းငယ်ပိုမိုနိုင်ကြောင်း သိရှိရသည်။
Source: The Hindu Business Line, 26 Nov 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)