သီရိလင်္ကာနိုင်ငံတွင် စားသုံးသူများ ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူနိုင်ရန်နှင့် ဆန်ထုတ်လုပ်မှု လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် အစိုးရ၏ ကြိုးပမ်းမှုများအနက် တစ်ခုအနေဖြင့် Nadu အမျိုးအစား ဆန်တန်ချိန် ၇၀၀၀၀ ကို တင်သွင်းသွားမည်ဟု ကူးသန်းရောင်းဝယ်မှု၊ စားနပ်ရိက္ခာဖူလုံမှုနှင့် သမဝါယမဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး Wasantha Samarasinghe က ကြေညာခဲ့ကြောင်း သိရှိရပါသည်။
ဝန်ကြီး Wasantha Samarasinghe က သီရိလင်္ကာအနေဖြင့် စပါးရာသီနှစ်ခုမှ နှစ်စဉ် စပါး တန်ချိန် ၄.၈ သန်းခန့်ကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာတွင် Nadu အမျိုးအစား စပါးတန်ချိန် ၃.၁ သန်းခန့် ပါဝင်ကြောင်း၊ ၎င်းစပါးကို ဆန်အဖြစ်ကြိတ်ခွဲမှုမှ တန်ချိန် ၂.၁ သန်းခန့်ထွက်ရှိကြောင်း၊ အဆိုပါဆန်အမျိုးအစားအား လစဉ်ပျမ်းမျှစားသုံးမှုမှာ တန်ချိန် ၁၄၀၀၀၀ ခန့်ရှိကြောင်း၊ ဆန်ပိုလျှံ မှုမှာ တန်ချိန် ၁.၀၄ သန်း ခန့်ရှိသော်လည်း ပြည်တွင်းဈေးကွက်အတွင်း ဆန်လိုအပ်ချက်ဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း၊ ဈေးနှုန်းထိန်းချုပ်မှုကို လုပ်ကိုင်လျက်ရှိသော်လည်း တောင်သူလယ်သမားများအနေဖြင့် သတ်မှတ်ဈေးနှုန်းများနှင့်အညီ ၎င်းတို့၏စပါးများကို ရောင်းချနိုင်ခြင်း မရှိသဖြင့် စားသုံးသူများအတွက် ဈေးကွက်၌ ၎င်းဈေးနှုန်းဖြင့် ဆန်ဝယ်ယူရရှိနိုင်မှု မရှိကြောင်း၊ ပိုလျှံမှုရှိသည့် ဆန်များအနက်မှ အချို့ကို ရမ်နှင့်ဘီယာထုတ်လုပ်သည့် အသေးစားစက်မှုလုပ်ငန်းများတွင်သာ အသုံးပြုမှုရှိပြီး ဈေးကွက်အတွင်း အကြောင်းအရင်း မဖော်ပြနိုင်သည့် ဆန်ပမာဏများစွာ ကျန်ရှိနေသေးကြောင်း၊ ယင်းကဲ့သို့ မညီမျှမှုသည် စားသုံးသူများအတွက် ဆန်လိုအပ်ချက်ကို ဖြစ်ပေါ်စေပြီး ဇန်နဝါရီလ စပါးရိတ်သိမ်းချိန် မတိုင်မီ၌ ဆန်ဈေးနှုန်းမြင့်တက်မှုကို ဖြစ်ပေါ်စေကြောင်း၊ အစိုးရအနေဖြင့် ဒေသခံလယ်သမားများကို ထောက်ပံ့ခြင်းနှင့် ဆန်လိုအပ်ချက်ကို ကိုက်ညီမှုရှိအောင်ဆောင်ရွက်ခြင်းဖြင့် ဟန်ချက်ညီအောင် အားထုတ်ကြိုးပမ်းလျက်ရှ ကြောင်းဖြင့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။
အဆိုပါ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် အစိုးရအနေဖြင့် နိုင်ငံပိုင် ကုမ္ပဏီ ၂ ခုဖြစ်သော Sathosa နှင့် State Trading Corporation တို့မှတစ်ဆင့် ဆန်တင်သွင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကုမ္ပဏီနှစ်ခုအနေဖြင့် ဒီဇင်ဘာ ၁၅ ရက်နေ့မတိုင်မီ ဆန်တန်ချိန် ၇၀၀၀၀ တင်သွင်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တင်သွင်းလာသည့်ဆန်များကို စားသုံးသူများ ဈေးနှုန်း သင့်တင့်စွာဖြင့် ဝယ်ယူနိုင်ရေးအတွက် တစ်ကီလိုဂရမ်လျှင် သီရိလင်္ကာရူပီးငွေ ၂၂၀ နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သီရိလင်္ကာနိုင်ငံတွင် ဇန်နဝါရီလလယ်ပိုင်း၌စတင်မည့် မဟာသီးနှံရာသီ စပါးရိတ်သိမ်းချိန် အတွက် ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိပြီး အစိုးရအနေဖြင့် ဆန်ထုတ်လုပ်မှု ကွင်းဆက် တည်ငြိမ်စေရန်နှင့် နိုင်ငံသားအားလုံးအတွက် ဆန်လုံလောက်သည့် ဈေးကွက်ဖြစ်ပေါ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း သီရိလင်္ကာ News First သတင်းဌာနက ဖော်ပြထားပါသည်။
Source : News First, 20-11-2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)