ရှုပ်ထွေးသည့်ဈေးကွက်ကို ဗျူဟာမြောက်လိုက်လျောညီထွေဖြေရှင်းနိုင်မှုကြောင့် ဗီယက်နမ်နိုင်ငံ၏သစ်ပြုပြင်ထုတ်လုပ်တင်ပို့သည့် လုပ်ငန်းနယ်ပယ်သည်၂၀၂၄ ခုနှစ်၏ တင်ပို့ရန်ရည်မှန်းချက်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၅.၂ ဘီလီယံကို ကျော်ဖြတ်နိုင်သည့်လမ်းကြောင်း ပေါ်တွင်ရှိနေကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံအကောက်ခွန်အထွေထွေဦးစီးဌာန၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်ပထမ ၁၁ လတာကာလတွင် ဗီယက်နမ်နိုင်ငံသည် သစ်တင်ပို့မှုမှတစ်ဆင့် ခန့်မှန်းဝင်ငွေအမေရိကန်ဒေါ်လာ ၁၄.၆ ဘီလီယံရရှိခဲ့ကြောင်းသိရပါသည်။ ကျွမ်းကျင်သူများက ဈေးကွက်၏တောင့်တင်းခိုင်မာသော နာလံထူနိုင်မှု၊လုပ်ငန်းများ၏ထုတ်လုပ်မှု အစီအစဉ်များဖန်တီးရယူနိုင်မှုနှင့် စျေးကွက်သစ်များရှာဖွေနိုင်မှုတို့ကို မြင်တွေ့ရကြောင်း ပြောကြားခဲ့သည်ဟုသိရပါသည်။ ဗီယက်နမ်နိုင်ငံလက်မှုပစ္စည်းနှင့် သစ်လုပ်ငန်းအသင်း၏ ဒုတိယဥက္ကဌဖြစ်သူ Nguyen Chanh Phuong ကအမေရိကန်ဈေးကွက်သည် ဗီယက်နမ်သစ်တင်ပို့မှု၏ ၅၄ ရာခိုင်နှုန်းရှိကြောင်းပြောကြားခဲ့ပါသည်။ Binh Duong၊ Dong Nai၊ Binh Dinh ကဲ့သို့သော အဓိကသစ်ထုတ်လုပ်သည့်လုပ်ငန်းများသည်လည်း ဈေးကွက်အခွင့်အလမ်းသစ်များကို တက်ကြွစွာရှာဖွေလျှက်ရှိကြောင်းသိရပါသည်။ Binh Duong ပရိဘောဂအသင်း၏ဥက္ကဌဖြစ်သူNguyen Liem က နိုင်ငံတကာမှဝယ်ယူသူများကိုဆွဲစောင်နိုင်ရန် ထုတ်ကုန်ဒီဇိုင်းဆန်းသစ်တီထွင်မှု ပြုလုပ်ခြင်းပါဝင်သည့် ပြည်တွင်းလုပ်ငန်းများ၏ တင်ပို့မှုအရှိန်မြှင့်တင်ရန်ကြိုးပမ်းအားထုတ်မှုများကို အသားပေးပြောကြားခဲ့ကြောင်းသိရပါသည်။ တစ်ချိန်တည်းမှာပင်Dong Nai ပြည်နယ်ရှိ လုပ်ငန်းများသည် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်တို့ ကဲ့သို့သော ဈေးကွက်များပါဝင်သောနိုင်ငံနှင့် ဒေသပေါင်း ၅၀ သို့ ၎င်းတို့၏ထုတ်ကုန်များကို ရောင်းချခဲ့ကြောင်းသိရပါသည်။ ယခုနှစ်အစမှစ၍ ထိုဒေသ၏သစ်တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံရှိပြီးတစ်နှစ်ထက်တစ်နှစ် ၁၄.၃ ရာခိုင်နှုန်းမြင့်တက်လာကြောင်းသိရပါသည်။ ပရိဘောဂနှင့်အိမ်ဆောက်ပစ္စည်းပါဝင်သော ပြည်တွင်းစျေးကွက်သည်လည်း အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့်မှန်းတန်ဖိုးရှိပြီး လူဦးရေ သန်း ၁၀၀နှင့်အတူ အလည်အလတ်လူတန်းစားကြီးထွားလာမှုကြောင့် သိသာထင်ရှားသည့်အလားအလာရှိနေကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံသစ်ထုတ်ကုန်အသင်း၏ဥက္ကဌဖြစ်သူ Do Xuan Lap က စီးပွားရေးလုပ်ငန်းများသည် ထုတ်လုပ်မှုနည်းပညာ၊ ကာဗွန်ထုတ်လွှင့်မှုနည်းပါးသောကုန်ထုတ်လုပ်ခြင်း၊ စီမံခန့်ခွဲမှု၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် အတွင်းပိုင်းစောင့်ကြည့်စစ်ဆေးမှုစံနှုန်း စသည့် ထောက်တိုင်ငါးခုမှတစ်ဆင့် ၎င်းတို့၏ယှဉ်ပြိုင်နိုင်စွမ်းကို ပိုကောင်းအောင်မြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟုသိရှိရပါသည်။
Vietnam Plus
DOCA(ရန်ကုန်)