Main menu

စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

မုံညင်းဆီတင်သွင်းမှုအပေါ် အကောက်ခွန်လျှော့ချပေးရန်တောင်းဆို

          ရုရှား-ယူကရိန်းစစ်ပွဲကြောင့် နေကြာဆီတင်သွင်းမှုဈေးကွက် ပုံပျက်ယွင်းလျှက်ရှိပြီး အင်ဒို နီးရှားနိုင်ငံက ပြည်ပသို့ စားအုန်းဆီတင်သွင်းမှုအား တားမြစ်ပိတ်ပင်ခဲ့သည့်နောက် အိန္ဒိယနိုင်ငံရှိ စားသုံးဆီလုပ်ငန်းရှင်များသည် ပြည်တွင်းသို့ ကန်နိုလာမုံညင်းဆီ(canola oil)တင်သွင်းမှုအပေါ် လက်ရှိကောက်ခံနေသည့် အကောက်ခွန်နှုန်း ၃၈.၅ % မှ ၅.၅ % သို့လျှော့ချပေးရန် အစိုးရထံ စာ ရေးသားပေးပို့ခဲ့တောင်းဆိုခဲ့ကြောင်း၊ စားသုံးဆီလုပ်ငန်းရှင်များက ၎င်းတို့အနေဖြင့် ပြည်တွင်း၌ စားသုံးဆီများ  ရလွယ်နိုင်မှုကို အထောက်အကူပေးရန်နှင့် ဈေးနှုန်းတည်ငြိမ်ရေး ထိန်းသိမ်း‌ဆောင်ရွက် ရန်လိုလားလျှက်ရှိပြီး ရောင်းလိုအားအပိုင်း၌ ကန့်သတ်ချက်များရှိနေချိန်တွင် သွင်းကုန်အပေါ် ကောက်ခံသည့်အခွန်နှုန်းထားအား ပမာဏများစွာလျှော့ချ‌ပေးခြင်းကသာ ထိုသို့လုပ်ဆောင်နိုင်မည် ဖြစ်သည်ဟုပြောဆိုလျှက်ရှိကြကြောင်း၊အိန္ဒိယတောင်ပိုင်းရှိ တမီနာဒူး၊အန္တာရာပရာ‌ဒေ့ရှ်၊ တဲလန်ဂါနာ နှင့် ကာနာတကာပြည်နယ်များ၌ နေကြာဆီကို စားဖိုဆောင်သုံးအဖြစ် အဓိကသုံးစွဲကြပြီး ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားမှုက ဈေးကွက်ကို ကုန်စည်ပေးသွင်းနိုင်မှုအပေါ်ဖိအားသက်ရောက်မှုရှိလာရာ အဆိုပါဒေသများ၌ လစဉ်နေကြာဆီတင်သွင်းရရှိနိုင်မှုကျဆင်းခဲ့သဖြင့် ၎င်းနေကြာဆီကို အစားထိုး သုံးစွဲနိုင်မည့် ဒုတိယမြောက်စားသုံးဆီကိုလက်ငင်းလိုအပ်လျှက်ရှိကြောင်း၊ထို့အပြင်အဆိုပါဒေသ များက စားသုံးများအနေဖြင့် ပဲပုတ်ဆီနှင့် ရိုးရိုးမုံညင်းဆီ(Mustard Oil)တို့ကိုနှစ်သက်မှုမရှိသဖြင့် ကန်နိုလာမုံညင်းဆီကသာ တစ်ခုတည်းသော အစားထိုးစားသုံးဆီဖြစ်သည်ဟု အိနိ္ဒယနိုင်ငံ‌တောင်ပိုင်း အခြေပြုစားသုံးဆီလုပ်ငန်းတစ်ခုကပြောကြားခဲ့ကြောင်း၊စားသုံးဆီဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်းတစ်ခုမှ   အမှုဆောင်အရာရှိချုပ်ကကန်နိုလာမုံညင်းစေ့ရိတ်သိမ်းရာသီမှာကုန်လွန်ခဲ့ပြီဖြစ်ရာအစိုးရကအကောက်ခွန်နှုန်းလျှော့ချပေးပါက ကန်နိုလာမုံညင်းဆီတင်သွင်းမှုဖြင့် ပြည်တွင်း‌ဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ စားအုန်းဆီများတင်ပို့မှုကိုတားမြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ကကြေငြာချက်ထုတ်ပြန်ချိန်၌ စားသုံးဆီဈေးနှုန်းများမြင့်တက်ခဲ့ပြီး စားအုန်းဆီကြမ်းတင်ပို့မှုမှာ အကျုံးမဝင်ကြောင်းအင်ဒိုနီးရှားအစိုးရက ရှင်းလင်းချက်ထပ်မံထုတ်ပြန်မှုကြောင့် ဈေးနှုန်းအနည်းငယ် ပြန်ကျခဲ့သဖြင့်ကန်နိုလာမုံညင်းဆီများအား  တိုးမြှင့်တင်သွင်းနိုင်ပါက ထို့ထက်ပို၍ ဈေးနှုန်းပြန်လည် ကျဆင်းနိုင်မည်ဖြစ်သည်ဟုပြောကြားခဲ့ကြောင်း၊ စားသုံးဆီလုပ်ငန်းရှင်အချို့က အိန္ဒိအစိုးရသည် ပြည်တွင်းမုံညင်းဆီထုတ်လုပ်မှုအပေါ် ဆိုးကျိုးသက်ရောက်မှုရှိမည်ကိုစိုးရိမ်ပူပန်မှုရှိနေရာ လုပ်ငန်းရှင် များအနေဖြင့် အိန္ဒိယ‌တောင်ပိုင်းဒေသရှိ ချိန်နိုင်း၊မန်ဂလော၊ခရစ်ရှ်နာပတ်နမ်နှင့်ကာကီနာဒါဆိပ်ကမ်း များမှသာ ကန်နိုလာမုံညင်းဆီများအား တင်သွင်ခွင့်ပြုရေးအစိုးရသို့တောင်းဆိုထားသည့်အပြင် စားသုံး သူများ လက်ငင်းသက်သာမှုရရှိစေရေးအတွက်  စားအုန်းဆီကြမ်းတင်သွင်းမှုအပေါ် ကောက်ခံသော စိုက်ပျိုးရေးအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးထပ်ဆောင်းအခွန် ၅% ကိုလည်း သုံညရာခိုင်နှုန်း သို့လျှော့ချပေးသင့်သည်ဟုပြောကြားခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-နယူးဒေလီမြို့ စီးပွားရေးသံမှူး‌ ပေးပို့သည့်သတင်း)

စားသောက်ကုန်ထုတ်လုပ်ငန်းများ၏ ၄၀% လုပ်ငန်းလျှော့ချရန်စီစဉ်နေ

          ဘယ်လ်ဂျီယံရှိ စားသောက်ကုန် ထုတ်လုပ်သည့်ကုမ္ပဏီ/လုပ်ငန်းများ၏ ၄၀% က ၎င်းတို့ လုပ်ငန်းဆောင်ရွက်မှုများကို ယာယီရပ်တန့်ထားရန်(သို့) လျှော့ချသွားရန် စီစဉ်လျှက်ရှိသည်ဟု ဘယ်လ်ဂျီယံနိုင်ငံ စားသောက်ကုန်လုပ်ငန်းအသင်းချုပ်(Fevia) က ပြောကြားခဲ့ကြောင်း၊ ဘယ်လ်ဂျီယံ နိုင်ငံရှိ စားသောက်ကုန်ထုတ်လုပ်ငန်းများအနေဖြင့် ထုတ်လုပ်ရာတွင်လိုအပ်သည့် ဆီနှင့်ဂျုံမှုန့်ကဲ့သို့ သော ပါဝင်ပစ္စည်းကုန်ကြမ်း များ ပြတ်လပ်မှုကိုကြုံတွေ့နေရပြီး ယခင်နှစ်က ပန်းနှမ်းဆီတစ်တန်လျှင် ယူရို(၇၅၀)သာ ရရှိသော်လည်း ယခုအချိန်တွင် (၂၂၀၀)ခန့်ကုန်ကျမှုရှိနေရာ (၃)ဆနီးပါးမြင့်တက်လာ ကြောင်း၊ စားသောက်ကုန်ထုတ်လုပ်သည့်ကုမ္ပဏီများ၏ ၇၀% ခန့်မှာ ၎င်းတို့၏ထုတ်ကုန်များကို အပြောင်းအလဲပြုလုပ်ခြင်း(သို့)မကြာမီကာလတွင် ပြောင်းလဲခြင်းကိုပြုလုပ်ကြရမည်ဖြစ်ကြောင်း၊ ဘယ်လ်ဂျီယံအစိုးရအနေဖြင့် ကုန်ကြမ်းရရှိရန်ခက်ခဲ သည့် စားသောက်ကုန်ပါဝင်ပစ္စည်းများအတွက်  အစားထိုးကုန်ကြမ်းများကို အသုံးပြုရန်ခွင့်ပြုထားကြောင်း၊ လက်ရှိတွင် ဘယ်လ်ဂျီယံနိုင်ငံရှိ စား သောက်ကုန်ထုတ်လုပ်ငန်းများ၏ရှေ့အလားအလာနှင့်ပတ်သက်၍ကောင်းမွန်သည့်အခြေအနေမရှိ သော်လည်း ၂၀၂၁ ခုနှစ်တွင်မူ စားသောက်ကုန်လုပ်ငန်းကဏ္ဍ ပြန်လည်နိုးထခဲ့ပြီး အဆိုပါကဏ္ဍမှ ဝင်ငွေ ယူရို(၆၁.၄) ဘီလီယံဖြင့် နိုင်ငံ၏စီးပွားရေးတွင် မောင်းနှင်အားတစ်ရပ်ဖြစ်ခဲ့ရုံသာမက နိုင်ငံ လူဉီးရေ(၁)သိန်းခန့်ကိုအလုပ်အကိုင်များဖန်တီးပေးထားကြောင်း၊ဘယ်လ်ဂျီယံနိုင်ငံ၏စားသောက်ကုန် ထုတ်လုပ်ငန်းကဏ္ဍသည် ကပ်ရောဂါ၏သက်ရောက်မှုဒဏ်မှ ပြန်လည်ရုန်းထလာခဲ့သော်လည်း ကပ်ရောဂါကြောင့်မြင့်တက်ခဲ့သည့်‌ ထောက်ပံ့ရေးကွင်းဆက်(Supply Chain)ကုန်ကျစရိတ်များသည် ရုရှား-ယူကရိန်းပဋိပက္ခကြောင့် ပိုမိုများပြားလာခဲ့ရာ အမြတ်အစွန်းရရှိမှုပိုင်းတွင်  တိုးတက်လာခြင်း မရှိကြောင်း၊ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းသည် စွမ်းအင်ပိုမိုသုံးစွဲရခြင်းဖြစ်ပြီး ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ဘယ်လ်ဂျီယံရှိ အဆိုပါလုပ်ငန်းများ၏ ၅၀ % ခန့်သည် စွမ်းအင်သုံးစွဲခ(၂)ဆ အထိ မြင့်တက်လာမှုကြုံရကြောင်း၊ ဘယ်လ်ဂျီယံ ရှိစူပါမားကတ်များအနေဖြင့် ဈေးနှုန်းတိုးမြှင့်ရေး ဆွေးနွေးမှုများကို ကာမိစေရေးအတွက် အခက်အခဲရှိသည်ဟု Fevia က ဖော်ပြခဲ့ကြောင်း၊ ဘယ်လ်ဂျီယံ ၏ စားသောက်ကုန်လုပ်ငန်းကဏ္ဍအနေဖြင့် စားသောက်ကုန်များတွင် တံဆိပ်ဖော်ပြမှု ဆိုင်ရာပြဌာန်း ချက်များ ပိုမိုဖြေလျှော့ပေးခြင်းအပါအဝင် အစိုးရ၏ထောက်ပံ့မှုများကိုတောင်းဆိုလျှက်ရှိကြရာ ထိုသို့ဖြေလျှော့ပေးခြင်းဖြင့် ကုန်ကြမ်းအတွက် ကုန်ကျစရိတ်များကို သက်သာစေနိုင်ပြီး ကုန်ကြမ်း ရှားပါးမှုပြဿနာကိုလည်း ထိန်းညှိပေးနိုင်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဘရပ်ဆဲမြို့ စီးပွားရေးသံမှူး‌ ပေးပို့သည့်သတင်း)

စွမ်းအင်ဝန်ကြီးဌာနကဧပြီလနောက်ပိုင်းအထိ ဒီဇယ်ဆီအတွက် ထောက်ပံ့ပေးမည်

          ထိုင်းအစိုးရအနေဖြင့် ငွေကြေးဖောင်းပွမှုနှင့်ရင်ဆိုင်နေရသော စားသုံးသူများအား ကူညီရန် အတွက်  ဧပြီလနောက်ပိုင်းအထိ ဒီဇယ်ဆီအတွက် အစိုးရ၏ထောက်ပံ့မှုအစီအစဉ်ကို ဆက်လက်လုပ် ဆောင်လိမ့်မည်ဖြစ်ပြီး ထောက်ပံ့‌ကြေးမှာအကန့်အသတ်ရှိသည်ဟု စွမ်းအင်ဝန်ကြီးကပြောကြား ခဲ့ကြောင်း၊ အစိုးရအနေဖြင့် ဒီဇယ်ဆီ တစ်လီတာလျှင် ဘတ်ငွေ(၃၀)အထက်ဈေးနှုန်း၏ ထက်ဝက် ကေျာ်ထောက်ပံ့နိုင်သည်ဟုပြောကြားခဲ့ပြီး စက်သုံးဆီရန်ပုံငွေအားအသုံးပြု၍ တစ်လီတာလျှင် (၁၁.၂၁)ဘတ်နှုန်းဖြင့် ထောက်ပံ့ရေး အစီအမံ၏တစ်စိတ်တစ်ပိုင်းအဖြစ်ထောက်ပံ့ခဲ့ပြီး ဧပြီလကုန် အထိ ဒီဇယ်ဆီတစ်လီတာလျှင် ဘတ်ငွေ(၃၀) ဖြင့်ထိန်းထားရန်ဆောင်ရွက်လျှက်ရှိကြောင်း၊ ထိုင်း နိုင်ငံ၏ ဒီဇယ်ဆီစုစုပေါင်းသုံးစွဲမှုမှာ တစ်ရက်လျှင် လီတာ(၆၅)သန်းခန့်ရှိရာ ထိုအထဲတွင်  ပရီမီယံ ဒီဇယ်ဆီသုံးစွဲမှုမှာ (၁.၄၁)သန်းဖြစ်ကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် ဘတ်ဂျတ်အသုံးစရိတ် သက်သာ စေရန်အတွက်  ဇိမ်ခံကားများအသုံးပြုသည့် ပရီမီယံဒီဇယ်ဆီ‌ ထောက်ပံ့ကြေးကိုရုပ်သိမ်းကြောင်း မတ်လကုန်တွင်ထုတ်ပြန်ခဲ့ပြီး ၎င်းမှာဧပြီလမှစတင်၍သက်ရောက်မှုရှိကြောင်း၊ မေလတွင် အစိုးရ အနေဖြင့် ဒီဇယ်ဆီတစ်လီတာလျှင် ဘတ်ငွေ(၃၀)အထက်ဈေးနှုန်း၏ ထက်ဝက်ကေျာ်ကို ဆက်လက်၍ ထောက်ပံ့ပေးမည်လိမ့်မည်ဖြစ်ပြီး  စားသုံးသူများကိုကူညီရန်အတွက် နောက်ထပ်အစီအမံများအား ရှာဖွေရန် စွမ်းအင်ဝန်ကြီးဌာနအားတာဝန်ပေးအပ်ထား‌ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဘန်ကောက်မြို့ စီးပွားရေးသံမှူး‌ ပေးပို့သည့်သတင်း)