စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၂.၁၁.၂၀၂၄)ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာရှိ “ပစ်တိုင်းထောင်” မုန့်ဆီကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်ခြင်းနှင့် ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့ပါသည်။ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိပြီး မိမိတို့ဒေသ အစားအစာ မုန့်အချိုအဖြစ် စားသုံးခြင်းကြောင့် နေ့စဉ်ဝင်ငွေကောင်းသော လုပ်ငန်းဖြစ်ကြောင်း သိရှိရပါသည်။
“ပစ်တိုင်းထောင်” မုန့်ဆီကြော် လုပ်ငန်းသည် ၂၀၁၇ ခုနှစ်မှ စတင်ရောင်းချခဲ့ပြီး မိသားစုလုပ်ငန်းအဖြစ် ယခုအချိန်အထိ တွင်ကျယ်စွာ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မုန့်ဆီကြော် ပြုလုပ်ရာတွင် အဓိကကုန်ကြမ်းအဖြစ် ကောက်ညှင်းဆန်နှင့် ထန်းလျက်တို့ကို အသုံးပြုပါသည်။ တစ်နေ့လျှင် ကောက်ညှင်းဆန် ၂၄ ပြည် တစ်အိတ်၊ ထန်းလျက် ပိဿာချိန် ၆၀ နှင့် ဆီပိဿာချိန် ၂၀ အသုံးရပြီး၊ လုပ်သားခအပါအဝင် ၄ သိန်းဝန်းကျင် ကုန်ကျပါသည်။ တစ်ရက် ရောင်းရငွေ ၅ သိန်း ကျပ်ခန့် ရောင်းချရပြီး အကျိုးအမြတ်အဖြစ် ၁ သိန်းကျပ်ခန့် ရရှိပါသည်။ မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းဖြစ်သဖြင့် သင့်တင့်မျှတသောအကျိုးအမြတ်ရရှိပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။ စားသုံးသူများ ကြိုက်နှစ်သက်သော ဒေသအစားအစာတစ်မျိုးဖြစ်ပြီး မြို့နယ်အတွင်း ဝယ်ယူစားသုံးမှုမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)