မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် စိုက်ပျိုးရေးအခြေခံပြီး ဒေသထွက်ကုန် များစွာ ထွက်ရှိရာမှ မန်ကျည်းသီးမှည့်သည်လည်း တစ်မျိုးအပါအဝင်ဖြစ်ပြီး ပခုက္ကူဈေးကွက်တွင် နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုနိုဝင်ဘာလ(စတုတ္ထပတ်)တွင် မန်ကျည်းသီးမှည့်အသားများ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မန်ကျည်းပင်ကို ပေါက်ရောက်တွေ့ရှိရပြီး ရာသီဥတုပူပြင်းသော မြန်မာနိုင်ငံအထက်အညာဒေသများတွင် အများဆုံးတွေ့ ရှိရသည်။ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်သည် အပူပိုင်းဒေသတွင် တည်ရှိ၍ မန်ကျည်းပင်များ နေရာဒေသအနှံ့ ပေါက်ရောက်ပြီး ဈေးကွက်သို့လည်း မန်ကျည်းသီးမှည့်များ ပေါများစွာဝင်ရောက် အရောင်း အဝယ် ဖြစ်လျက်ရှိသည်။ ပခုက္ကူမန်ကျည်းသီးမှည့်ဈေးကွက်သို့ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ်များနှင့် ယောနယ်ဒေသများအပြင် အခြားမြို့နယ်များဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိရာ ရာသီဥတုအနေ အထားနှင့် မန်ကျည်းပင် အသီးသီးမှုအပေါ်မူတည်ပြီး နှစ်စဉ် ကုန်ချိန်ပိဿာ သိန်း(၃၀-၃၅)ပိဿာခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
မန်ကျည်းပင် စိုက်ပျိုးထွက်ရှိရာ အညာဒေသများတွင် နွေရာသီ အသီးမှည့်ချိန်တွင် အစေ့ထုတ်ပြီး မန်ကျည်းအသားများ ပြုလုပ်ကာ ပွဲရုံလှောင်လက်သမားများမှ ဝယ်ယူလှောင်ထားကြောင်း၊ အစေ့အတိုင်းနှင့် အစေ့ပါမန်ကျည်းနှစ်မျိုး ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ဈေးကွက်အနေဖြင့် ယခုလက်ရှိ နိုဝင်ဘာလ(တတိယပတ်)တွင် မန်ကျည်းသီးမှည့်ဈေး မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက် ရှိသည်။ ဒေသတွင်းမန်ကျည်းလက်ကျန်နည်းလာ၍ မန်ကျည်းမှည့်ဈေး မြင့်တက်လျက်ရှိကြောင်း သိရှိ ရသည်။ ယခုလက်ရှိအချိန်တွင် မန်ကျည်းစတင်သီးချိန်ဖြစ်ပြီး ဆောင်းအကုန်နွေအကူး ဖေဖော်ဝါရီလ ကုန်ခန့်တွင် မန်ကျည်းသီးမှည့်များ ဈေးကွက်သို့ အများအပြားဝင်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
ယခုလက်ရှိ ပခုက္ကူမန်ကျည်းဈေးကွက်၌ နိုဝင်ဘာလဆန်းမှစ၍ မန်ကျည်းဈေးနှုန်း မြင့်တက်၍ အရောင်းအဝယ်ဖြစ်ခဲ့ရာ နိုဝင်ဘာလ(ပထမပတ်)တွင် မန်ကျည်းအသား လက်ကားဈေး တစ်ပိဿာလျှင် ကျပ်(၆၅၀၀)၊ လက်လီဈေး ကျပ်(၈၀၀၀)၊ မန်ကျည်းအစေ့ပါ လက်ကား တစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ လက်လီဈေး တစ်ပိဿာလျှင် ကျပ်(၃၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒေသတွင်း မန်ကျည်း လက်ကျန်နည်းချိန်ဖြစ်ပြီး ဒေသတွင်းသုံးစွဲမှုအပြင် ပြည်ပနိုင်ငံများမှ မန်ကျည်းသီးနှင့်အသားများ ဝယ်ယူ မှုများ၍ ဈေးနှုန်းဆက်လက်မြင့်တက်ခဲ့ရာ မန်ကျည်းသီးမှည့်အသား လက်ကားတစ်ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ မန်ကျည်းအစေ့ပါ လက်ကားတစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ လက်ကားတစ်ပိဿာလျှင် ကျပ်(၆၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်လအတွင်း မန်ကျည်းတစ်ပိဿာ ကျပ်(၁၀၀၀၀)ခန့် ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်ခဲ့သည်။ နှစ်အလိုက် ကာလတူ ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်နှစ် ယခုအချိန် မန်ကျည်းဈေးကွက်အနေဖြင့် မန်ကျည်းသား တစ်ပိဿာလျှင် ကျပ်(၃၀၀၀-၃၅၀၀)၊ မန်ကျည်းအစေ့ပါ တစ်ပိဿာလျှင် ကျပ်(၁၅၀၀-၁၇၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုနှစ်တွင် မန်ကျည်းသီးတစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။
ပခုက္ကူဈေးကွက်ပွဲရုံဈေးကွက်သို့ ဝင်ရောက်လာသည့် မန်ကျည်းသီးမှည့်များကို ဒေသတွင်း စားသောက်ကုန်မျိုးစုံထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် စားသုံးပြည်သူများသို လက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ပခုက္ကူမန်ကျည်းပွဲစားများမှ ရန်ကုန်၊ မန္တလေးမြို့များသို့လည်း တင်ပို့လျက်ရှိ ပြီး ထိုမှတစ်ဆင့် ပြည်ပနိုင်ငံ၊ ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ့် နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး စင်္ကာပူနှင့် ပါကစ္စတန်နိုင်ငံများသို့လည်း ရေလမ်းမှ ပြည်ပပို့ကုန်အဖြစ် တင်ပို့လျက်ရှိကြောင်း၊ မန်ကျည်းသီးအပြင် မန်ကျည်းစေ့များကိုလည်း တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။ မန်ကျည်းဈေးကွက်အနေ ဖြင့် ပြည်တွင်းသုံးစွဲမှုအပြင် ပြည်ပနိုင်ငံများမှဝယ်ယူမှုရှိ၍ ယခုနှစ် မန်ကျည်းရာသီကုန်ချိန်တွင် ပြည်တွင်းမန်ကျည်းဈေးကွက် မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။
မန်ကျည်းပင်သည် အမြဲစိမ်းလန်းပြီး အပင်ကြီးတစ်မျိုးဖြစ်၍ အရိပ်အာဝါသကောင်းမွန်သော ဆေးဖက်ဝင်အပင်ဖြစ်သည်။ မန်ကျည်းပင်မှရရှိသော မန်ကျည်းသီးသည် ပြင်တွင်းဒေသအနှံ့အပြား၌ ကုန်ကြမ်းမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်အမျိုးမျိုးထုတ်လုပ်ရောင်းချလျက်ရှိရာ ပခုက္ကူအညာဒေသ ဖြစ်သည့် ပခုက္ကူမြို့နယ်သည်လည်း စိုက်ပျိုးရေးအခြေခံပြီး ဒေသထုတ်ကုန်များစွာထွက်ရှိပြီး မန်ကျည်း ကုန်ကြမ်းမှတစ်ဆင့် ခေတ်မှီနည်းစနစ်များဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များစွာထုတ်လုပ်ပြီး ဒေသတွင်း MSME အသေးစားစက်မှုလုပ်ငန်းများလည်း ဖွံ့ဖြိုးလျက်ရှိ၍ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိသည့်အပြင် ပြည်ပနိုင်ငံများသို့လည်း တင်ပို့လျက်ရှိခြင်းကြောင့် ပြည်တွင်းပြည်ပ ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးခြင်းဖြင့် ဒေသတွင်းဖွံ့ဖြိုးမှုမှ နိုင်ငံစီးပွားဖွံ့ဖြိုးမှု ရရှိလျက်ရှိသည်။ မန်ကျည်းစိုက်ပျိုးသူများအနေဖြင့်လည်း ကုန်ကျစရိတ်နည်းပါးပြီး နှစ်စဉ် ဝင်ငွေရရှိလျက်ရှိခြင်းနှင့် မန်ကျည်းဈေးကွက် ခိုင်မာမှုရှိခြင်းကြောင့် ပိုမိုစိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(မကွေး)