ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တောင်ခွေးရဲကျေးရွာမှ တောင်သူဦးချင်း၏ လယ်ယာမြေ (၀.၂၅)ဧကတွင် သခွားသီးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေများတိုးပြီး စီးပွားရေးအဆင်ပြေလျက်ရှိကြောင်းသိရပါသည်။
ဟင်းသီးဟင်းရွက်အုပ်စုဝင်ဖြစ်သော သခွားသီးများကို စားသုံးသူများက အများအပြားစားသုံးကြပါသည်။ သခွားမျိုးမှာ (၃၉၅)မျိုးကိုဝယ်ယူစိုက်ပျိုးပြီး မျိုးထုတ်တစ်ထုပ်လျှင် (၁၂၀၀၀)ကျပ်ပေးရကြောင်းသိရသည်။ စက်တင်ဘာလတွင် စတင်စိုက်ပျိုးခဲ့ပြီး ယခုနိုဝင်ဘာလတွင် ခူးဆွတ်ရောင်းချနေပြီဖြစ်ကြောင်းသိရသည်။ သခွားသီးများကို တစ်ရက်ချန်ခူး၍ရောင်းချပြီး တစ်ခါခူးလျှင် အလုံးရေ (၈၀၀ - ၁၀၀၀)လုံးခန့်ရရှိပါသည်။ ဈေးနှုန်းများမှာ တစ်လုံးလျှင် (၁၅၀-၂၀၀)ကျပ်ဖြင့်ရောင်းချကြောင်းသိရသည်။ သခွားသီးများကို ပြည်မြို့၊ ဈေးကြီးအပါအဝင် အခြားဈေးများတွင်လည်း ရောင်းချလျက်ရှိကြောင်းသိရသည်။
သခွားသီးများရောင်းချရာတွင် ကျေးရွာအတွင်းမှ ဈေးသည်များက လာရောက်ဝယ်ယူကြပြီး ပြည်မြို့ပေါ်ရှိ ဈေးများသို့လည်း သွားရောက်ရောင်းချမှုများရှိပါသည်။ ယခုအချိန်သည် သခွားသီးများ စတင်ထွက်ပေါ်ချိန်ဖြစ်သောကြောင့် စိုက်ပျိုးသူတောင်သူများ ဈေးကောင်းရကာ အရောင်းသွက်ကြောင်းသိရပါသည်။
DOCA(ပဲခူး)