အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီးဖြစ်သူ Airlangga Hartarto က လျှပ်စစ်မော်တော်ယာဉ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် စီးပွားရေးနှင့်သဘာဝပတ်ဝန်းကျင်အတွက် ဗျူဟာမြောက်အခန်းကဏ္ဍတွင်ရှိနေကြောင်း ဒီဇင်ဘာလတစ်ရက်နေ့က Tangerang ရှိ Gaikindo Jakarta Auto Week 2024(GJAW 2024) တွင် ပြောကြားခဲ့ပါသည်။ Hartarto က အစိုးရသည် အင်ဒိုနီးရှားနိုင်ငံတွင် လျှပ်စစ်မော်တော်ယာဉ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပံ့ပိုးပေးရန် အာမခံကြောင်း၊ လျှပ်စစ်မော်တော်ယာဉ်များ များသထက်များလာပါက စျေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းပိုရှိလာမည်ဖြစ်ကြောင်းနှင့် ထိုအချက်သည် အစိုးရ၏အာမခံချက် ဖြစ်သည့် ကာဗွန်ထုတ်လွှင့်မှုလျှော့ချရာတွင် အရေးပါကြောင်း ပြောကြားခဲ့ပါသည်။ နိုဝင်ဘာ ၂၂ ရက်နေ့မှ ဒီဇင်ဘာ ၁ ရက်နေ့အထိကျင်းပခဲ့သည့် ထိုပြပွဲသည် များစွာသောမော်တော်ယာဉ် ထုတ်လုပ်သူများက ၎င်းတို့၏ အကောင်းဆုံးသောထုတ်ကုန်များကို ပြသရာစင်မြင့်တစ်ခု ဖြစ်လာခဲ့ကြောင်း သိရပါသည်။ Zeekr နှင့် Aletra တို့က ၎င်းတို့၏အင်ဒိုနီးရှားနိုင်ငံ ပွဲဦးထွက်ပါဝင်သည့် ခရီးသည်တင်ကားအမှတ်တံဆိပ် ၂၇ ခုနှင့်မော်တော်ဆိုင်ကယ်အမှတ်တံဆိပ် ၁၂ ခုတို့ပါဝင် ပြသခဲ့ကြောင်း သိရပါသည်။ ထိုပြပွဲတွင်ဝန်ကြီးက ပြည်တွင်းအမှတ်တံဆိပ်များ လျှပ်စစ် မော်တော်ယာဉ် နယ်ပယ်သို့ဝင်ရောက်လာမှုအပေါ် အမွှမ်းတင်ပြောကြားခဲ့ပြီး အစိုးရသည် များစွာသောမူဝါဒများပါဝင်သည့် မော်တော်ယာဉ်နယ်ပယ် အထူးသဖြင့် လျှပ်စစ်မော်တော်ယာဉ် နယ်ပယ်တွင် ပံ့ပိုးပေးသွားဖြစ်ကြောင်း၊ အနာဂတ်တွင် အင်ဒိုနီးရှား၌ လျှပ်စစ်အခြေခံသည့် မော်တော်ယာဉ်လုပ်ငန်းအတွက် အကောင်းမြင်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီး၏အဆိုအရ လုပ်ငန်းရှင်များထံမှ ဆန်းသစ်တီထွင်မှုသည် လျှပ်စစ်မော်တော်ယာဉ်ဂေဟစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကသော့ချက်ဖြစ်ကြောင်း သိရပါသည်။ GJAW 2024 သည် နိုင်ငံ၏ မော်တော်ယာဉ် လုပ်ငန်းကဏ္ဍကြီးထွားရေး အထူးသဖြင့် သဘာဝပတ်ဝန်းကျင်နှင့်သင့်လျှော်သော မော်တော်ယာဉ် အသွင်ကူးပြောင်းမှု အရှိန်မြှင့်တင်ရေးတွင် အရေးပါသောအရာများထဲမှ တစ်ခုဖြစ်ကြောင်း သိရပါသည်။ အစိုးရနှင့်လုပ်ငန်းရှင်များအကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှုနှင့် ဗျူဟာမြောက်မူဝါဒများနှင့်အတူ လျှပ်စစ်မော်တော်ယာဉ်အသွင်ကူးပြောင်းရေးသည် ကာဗွန်ထုတ်လွှင့်မှုကို လျှော့ချနိုင်ရုံသာမက နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးနိုင်မည်ဟုသိရပါသည်။
Antara News
DOCA(ရန်ကုန်)