ထိုင်းနိုင်ငံနှင့် ဥရောပဆိုင်ရာ လွတ်လပ်သောကုန်သွယ်ရေးအသင်း (EFTA) တို့သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်(FTA)ကို လက်မှတ်ရေးထိုးရန် စီစဉ်ထားပြီး ထိုင်းနိုင်ငံအတွက် တင်ပို့ရန်အခွင့်အလမ်းများ မြင့်တက်လာကာ ဥရောပ ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်နိုင်စေမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာနက နိုဝင်ဘာ ၃၀ ရက်နေ့ကပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဖြစ်သူ Pichai Naripthaphan က ထိုင်းနိုင်ငံနှင့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုက်စလန်နှင့် လတ်ချင်စတိန်းတို့နှင့် ဖွဲ့စည်းထားသည့် ဥရောပလွတ်လပ်သောကုန်သွယ်ရေးအသင်းတို့အကြား ဆွေးနွေးမှုအောင်မြင်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။ ထိုသဘောတူညီချက်သည် ထိုင်းနိုင်ငံ၏ ကုန်သွယ်ရေးမိတ်ဖက်ဆောင်ရွက်မှု အားကောင်းရန်၊ ပို့ကုန်အခွင့်အလမ်းတိုးချဲ့ရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် ကြိုးပမ်းမှုတွင် သိသာထင်ရှားသောခြေလှမ်းတစ်ရပ်ဖြစ်ခဲ့ကြောင်း သိရပါသည်။ ထို FTA သည် ကုန်ပစ္စည်းကုန်သွယ်ရေး၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ ဝန်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ မူပိုင်ခွင့်၊ ယှဉ်ပြိုင်နိုင်စွမ်းနှင့် SME ဖွံ့ဖြိုးတိုးတက်ရေးအစရှိသည့် ကျယ်ပြန့်သောဧရိယာ ၁၅ ခုတို့ကိုလွှမ်းခြုံထားကြောင်းသိရပါသည်။ Mr.Pichai က ဆွေးနွေးမှုများကို ၂၀၂၂ ခုနှစ်တွင် ကနဦးစတင်ခဲ့ခြင်းဖြစ်ပြီး နှစ်နှစ်အတွင်း ပြီးမြောက်ခဲ့ကြောင်း၊ ထိုထိုင်းနိုင်ငံ၏ ဥရောပကုန်သွယ်ရေးအုပ်စုတစ်စုနှင့် ပထမဆုံး FTA သည် တည်ငြိမ်သောဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်နှင့် ခေတ်မီစံနှုန်းများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ထိုမှတစ်ဆင့် ဥရောပသမဂ္ဂကဲ့သို့သော အခြားအဓိကမိတ်ဖက်များနှင့် အနာဂတ် သဘောတူညီမှုများရရှိရန်အတွက် လမ်းကြောင်းဖွင့်လှစ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာနသည် အထက်လွှတ်တော်၏ခွင့်ပြုချက်ရရှိကာ သဘောတူညီမှုအပြီးသတ်နိုင်ပါက၂၀၂၅ ခုနှစ်ဇန်နဝါရီလတွင် ဆွစ်ဇာလန်နိုင်ငံတွင်ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း သိရပါသည်။ ယခုနှစ်၏ပထမ ဆယ်လအတွင်း ထိုင်းနိုင်ငံနှင့် EFTA တို့ကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရှိပြီး ထိုင်းနိုင်ငံ၏စုစုပေါင်းကုန်သွယ်မှု၏ ၂.၀၃ ရာခိုင်နှုန်းရှိကာ၂၀၂၃ ခုနှစ်တူညီ သည့်ကာလထက် ၂၃.၂၂ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ၏ EFTA သို့ အဓိကပို့ကုန်များတွင် ကျောက်မြတ်ရတနာများ၊ နာရီများ၊ ပင်လယ်စာစည်သွပ်ဘူးများ၊ စက်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများနှင့် ဆန်တို့ ပါဝင်ပြီး ရွှေ၊ ရတနာများ၊ သိပ္ပံဆိုင်ရာပစ္စည်းများနှင့် လတ်ဆတ်သောပင်လယ်စာများ ပြန်လည်တင်သွင်းကြောင်း သိရပါသည်။
Bangkok Post
DOCA(ရန်ကုန်)