၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် ဆန်စပါးထုတ်လုပ်မှုကျဆင်းခြင်းနှင့် ရင်ဆိုင်ရဖွယ်ရှိရာ လာမည့်လများတွင် စားသုံးသူများ ဈေးနှုန်းသက်သာစွာဖြင့် ဆန်ဝယ်ယူနိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်ရန် သီရိလင်္ကာသမ္မတ Anura Kumara Dissanayake က အသေးစားနှင့် အလတ်စား ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရာ၌ ပြောကြားခဲ့ကြောင်း သမ္မတအိမ်တော် သတင်း ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရှိရပါသည်။
သီရိလင်္ကာနိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် စပါးအများဆုံးစိုက်ပျိုးရာ ခရိုင်များ ဖြစ်သော Ampara နှင့် Anuradhapura ဒေသများ အပါအဝင် စပါးစိုက်ဧရိယာ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကျော်သည် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီးနောက် သမ္မတအနေဖြင့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။
ဆန်ဈေးနှုန်းများကျဆင်းရေး ဆောင်ရွက်မည်ဟု ကတိပြုထားသော သမ္မတ Dissanayake ၏ အစိုးရသစ်လက်ထက်တွင် ဆန်ဈေးနှုန်းများ ကြီးမြင့်လာမှုနှင့်စပ်လျဉ်း၍ လူထု၏ ဝေဖန် ပြစ်တင်မှုများ စတင်ဖြစ်ပေါ်လာခဲ့ကြောင်း သီရိလင်္ကာသတင်းမီဒီယာများက ဖော်ပြလျက်ရှိကြ သည်။ လုပ်ငန်းရှင်များတွင်တွေ့ဆုံရာတွင် လာမည့်လများအတွင်း စားသုံးသူများသို့ ဈေးနှုန်း သက်သာစွာဖြင့် ဆန်များထောက်ပံ့ပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရန် သမ္မတက အလေးပေးပြောကြားခဲ့ပြီး၊ အဆိုပါရည်မှန်းချက်ကိုပြည့်မီရန်အတွက် လက်ငင်းအကောင်အထည် ဖော်ရန် လိုအပ်သည့်အစီအမံများအား ခွဲခြားသတ်မှတ် ဆောင်ရွက်ခြင်းကို လုပ်ငန်းရှင်များနှင့် အတူ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တည်ငြိမ်ရေး၊ ဆန်ပြတ်လပ်မှု ဖြစ် ပေါ်ခြင်းမှကာကွယ်ရန်အတွက် နိုင်ငံတစ်ဝန်း၌ သိုလှောင်ရုံလုပ်ငန်းများအား တိုးတက်ကောင်းမွန် စေရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များတွင် ပိုမိုသုံးစွဲလာမှုအရ စားသုံးရန်အတွက် ဈေးကွက်၌ Nadu ဆန်အမျိုးအစား ရရှိလွယ်မှု ကျဆင်းလျက်ရှိသည့် အရေးကိစ္စများအပေါ် အလေးထား ဆွေးနွေးခဲ့ ကြသည်။ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုကို မြှင့်တင်ရန်နှင့် ဓာတ်မြေဩဇာ အခမဲ့ပံ့ပိုး ဖြန့်ဖြူးမှုကို လွယ်ကူချောမွေ့စေရန်အတွက် QR code စနစ်တစ်ရပ်အား စမ်းသပ်ဆောင်ရွက်ခြင်းမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများကိုလည်း သမ္မတက အဓိကဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အစိုးရသစ်အနေဖြင့် ရေကြီးမှုမဖြစ်ပွားမီကပင် ဈေးကွက်အတွင်း ဆန်ပြတ်တောက်မှုကို ဖြေရှင်းရန်အတွက် ဆန်တန်ချိန် ၇၀၀၀၀ ကို ပြည်ပမှတင်သွင်းရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ဆန်ဈေးကွက်တွင် ပါဝင်လုပ်ကိုင်နေသူများက ကောက်ပဲသီးနှံ ထိခိုက်ပျက်စီးမှုသည် ဆန်ထုတ် လုပ်မှုကျဆင်းခြင်းကို ပိုမိုဖြစ်ပေါ်စေပြီး သီရိလင်္ကာ၏ စပါးအများဆုံးထွက်ရှိလေ့ရှိသော လာမည့် သုံးလပတ်တွင် ဆန်ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားထားပါသည်။
Source : EconomyNext, December 2, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)