Main menu

ပါကစ္စတန်ထံမှ တင်သွင်းသည့်ဆန်အပေါ် စည်းကြပ်သည့်အခွန်နှုန်းထား မလေးရှားပြင်ဆင်မည်

Powered by Drupal

     မလေးရှားနိုင်ငံအနေဖြင့် ပါကစ္စတန်ဆန်များ တင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်နှုန်းများကို အခြားပင်ရင်း‌ဒေသများမှ တင်သွင်းသည့်ဆန်များအပေါ် စည်းကြပ်သော အခွန်နှုန်းများနှင့် အညီ ပြန်လည်ပြင်ဆင်ရန် သဘောတူညီခဲ့သည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ရုံး၏ နိုဝင်ဘာ ၃၀ ရက် နေ့၌ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားပါသည်။

     ယခုနှစ် အောက်တိုဘာလအတွင်း ပါကစ္စတန်နိုင်ငံသို့ လာရောက်သည့် ခရီးစဉ်၌ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim အား လက်ခံတွေ့ဆုံဆွေးနွေးခဲ့ရာတွင် ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များစွာကို ဖြေရှင်းဆောင်ရွက်နိုင်ခဲ့မှုအပေါ် ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif အနေ ဖြင့် ကျေနပ်အားရမှုရှိသည်ဟု အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။ မည်သည့် ကုန်သွယ်ရေး ဆိုင်ရာ ပြဿနာရပ်များအား ဖြေရှင်းနိုင်ခဲ့သည်ကို အသေးစိတ်ဖော်ပြထားခြင်းမရှိသော်လည်း အဆိုပါခရီးစဉ်၌ ပါကစ္စတန်ထံမှ ဆန်တန်ချိန် ၁၀၀၀၀၀ နှင့် ဟာလာအသားများကို တင်သွင်းရန် စိတ်ဝင်စားကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ပါကစ္စတန်ဘက်ကမူ မလေးရှား ၏ အကောက်ခွန်နှုန်းထားမြင့်မားမှုက ပါကစ္စတန်ဆန်၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို နည်းပါး စေပြီး အထူးသဖြင့် အိန္ဒိယထံမှ တင်သွင်းသောဆန်များနှင့် ယှဉ်ပြိုင်နိုင်မှုမရှိကြောင်း အလေးပေး ပြောဆိုထားခြင်းဖြစ်သည်။

     လွန်ခဲ့သော အောက်တိုဘာလအတွင်း အိန္ဒိယမှ တင်ပို့သော ဆန်ကွဲ ၅ ရာခိုင်နှုန်း ပါဝင် သည့် ဆန်ဈေးနှုန်းသည် ၁ တန်လျှင် ၄၄၄ ဒေါ်လာမှ ၄၄၈ ဒေါ်လာ အတွင်းရှိနေချိန်တွင် ပါကစ္စတန်မှ တင်ပို့သော အလားတူဆန်၏ ဈေးနှုန်းမှာ ၁ တန်လျှင် ၄၆၃ ဒေါ်လာမှ ၄၆၇ ဒေါ်လာ နှုန်းထားအတွင်း၌ ရှိနေခဲ့သည်။

     နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးခဲ့ရာ၌ ပါကစ္စတန် ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် ၎င်းတို့၏ ဆန် အတွက် မြင့်မားသော ဈေးနှုန်းများ တောင်းဆိုလျက်ရှိသဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းဆိုင်ရာ စိန်ခေါ်မှုဖြစ်ပေါ်ရခြင်းဖြစ်သည်ဟု မလေးရှားအစိုးရအရာရှိများက ညွှန်ပြပြောဆိုခဲ့ကြသည်။

     ပါကစ္စတန် ဝန်ကြီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်၌ နှစ်နိုင်ငံဆက်ဆံရေးတွင် အပြု သဘောဆောင်သည့် တိုးတက်ဖြစ်ထွန်းမှုများ အပေါ် ဝန်ကြီးချုပ် Shehbaz က အားရမှုရှိကြောင်း၊ ပါကစ္စတန်အနေဖြင့် နှစ်ဘက်အပြန်အလှန် အကျိုးဖြစ်ထွန်းမည့် လုပ်ငန်းနယ်ပယ်များအားလုံး တွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းခိုင်မာစေရေး ကတိကဝတ်ထားရှိမှုကို ထပ်လောင်း အတည်ပြုကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များ အနေဖြင့် အဓိကကျသည့် လုပ်ငန်းကဏ္ဍများတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြကြောင်း ဖော်ပြ ထားသည်။

     နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ထပ်မံတိုးမြှင့်ရန်အတွက် ပါကစ္စတန်ဝန်ကြီးချုပ်Shehbaz သည် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Ishaq Dar လိုက်ပါလျက် ရှေ့ လာမည့် နှစ်ဆန်းပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ တရားဝင်ခရီး သွားရောက်ဖွယ် ရှိကြောင်း သိရှိရသည်။

Source: Dawn, 1 Dec 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)