ဗီယက်နမ်နိုင်ငံ၏အိမ်ရာမြေဈေးနှုန်းသည် လွန်ခဲ့သည့်ငါးနှစ်ကထက် ၅၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန် (၅၄ ရာခိုင်နှုန်း)၊ သြစတေးလျ(၄၉ ရာခိုင်နှုန်း)၊ ဂျပန်(၄၁ ရာခိုင်နှုန်း) နှင့် စင်ကာပူ(၃၇ ရာခိုင်နှုန်း) အစရှိသည့် အခြားနိုင်ငံများထက် သိသာစွာမြင့်တက်ခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာအိမ်ရာမြေလမ်းညွှန်ထံမှ အချက်အလက်များအရသိရပါသည်။ ထိုအချက် အလက်ကို ဗီယက်နမ်နိုင်ငံ၏ Batdongsan.com.vn ၏ ဒုတိယအထွေထွေညွှန်ကြားရေးမှူး ဖြစ်သူ Nguyen Quoc Anh က ဒီဇင်ဘာ ၃ ရက်နေ့ကကျင်းပခဲ့သော ၂၀၂၄ ဗီယက်နမ် အိမ်ရာမြေညီလာခံတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ Anh က စီးပွားရေးကြီးထွားမှု၊ အုပ်ချုပ်မှုနှင့် ဝယ်လိုအားတို့သည် အိမ်ရာမြေဈေးနှုန်းများကိုလွှမ်းမိုးနိုင်သည့် အဓိကအကြောင်းအချက်သုံးခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် တစ်ဦးချင်းစီးပွားရေး အားကောင်းလာမှု၊ သင့်တော်သော်အတိုးနှုန်းနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းများ၏ ထိရောက်မှုတို့ကလည်း အိမ်ရာမြေဝယ်ယူရန်အတွက် စားသုံးသူဝယ်လိုအားကို မြင့်တက် လာစေကြောင်း သိရပါသည်။ Anh က ဗီယက်နမ်လူထုသည် ဘဏ္ဍာရေးဈေးကွက်၊ အိမ်ရာမြေ၊ ရွှေ၊ နိုင်ငံခြားငွေနှင့် ဘဏ်ငွေစုခြင်း အစရှိသည့်ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းများကို အဓိက အသုံးပြုကြကြောင်း ပြောကြားခဲ့ပါသည်။ အထူးသဖြင့်အိမ်ရာမြေသည် လွန်ခဲ့သည့်ဆယ်စုနှစ် ကျော်တွင် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ် ပထမသုံးလပတ်ကာလနှင့် နှိုင်းယှဉ်ပါက တိုက်ခန်းဈေးနှုန်းမှာ အကျိုးအမြတ် ၁၉၇ ရာခိုင်နှုန်းနှင့် မြေနေရာ မြေကွက်ဈေးနှုန်းမှာ ၁၃၇ %မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အိမ်ရာမြေကျွမ်းကျင်ပညာရှင်၏ အဆိုအရ ဗီယက်နမ်၏လူဦးရေနှင့် မြို့နေလူဦးရေနှုန်းထားသည် အိမ်ရာမြေဝယ်လိုအား ကြီးထွားလာမှုအတွက် များစွာသောအခွင့်အရေးများကိုဖန်တီးပေးနေကြောင်း ပြောကြားခဲ့ပါသည်။
Vietnam Plus
DOCA(ရန်ကုန်)