ပန်းဂေါ်ဖီသည် အေးသောရာသီဥတုကို ကြိုက်နှစ်သက်သော်လည်း အပူဒဏ်ခံနိုင်သည့် သီးနှံတစ်မျိုးဖြစ်ပါသည်။ ပူ၍ခြောက်သွေ့သောရာသီဥတုတွင် ပန်းမပွင့်သည့်အတွက်အေးပြီး အစိုဓာတ်ရသောနေရာတွင် စိုက်ပျိုးသင့်ပါသည်။ ခြောက်သွေ့လွန်းသော ရာသီဥတုတွင် အပွင့်ဖြစ်ထွန်းရန်ခက်ခဲပါသည်။ မြေပြန့်ဒေသများတွင် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် တောင်ပေါ်ဒေသများ၌ ဧပြီ၊ မေ၊ စက်တင်ဘာနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်ထိ (၁၂၀)ရက်ကြာပါသည်။ အပွင့်အရွယ်အစားကြီးမား၍ တောင်ပေါ်ဒေသများတွင်အများဆုံးစိုက်ပျိုးကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်များ၌ ဆောင်းရာသီ ဟင်းသီးဟင်းရွက်စိုက်ခင်းများမှ ပန်းဂေါ်ဖီ(ပန်းမုန်လာ)များ ပေါ်ချိန်ဖြစ်၍ ပန်းဂေါ်ဖီများဖူးပွင့်ကာ စိုက်ပျိုးသူတောင်သူများ တစ်ပွင့်လျှင် (၂၅၀၀)ကျပ်၊ (၃၀၀၀)ကျပ်နှုန်းဖြင့် ဆွတ်ခူးရောင်းချလျက်ရှိပါသည်။ စိုက်ခင်းများထိလည်း ကုန်စိမ်းဒိုင်ကိုယ်စားလှယ်များ လာရောက်ဝယ်ယူလျက်ရှိပြီး ပေါ်ဦးပေါ်ဖျားချိန်ဖြစ်သဖြင့် ပန်းဂေါ်ဖီဈေးတက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)