ထိုင်းနိုင်ငံ စီးပွားကူးသန်းဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်အတွက် ဆန်တင်ပို့ရန် ရည်မှန်းချက်ကို ယခုနှစ်အတွက်ခန့်မှန်းထားသည့်တန်ချိန် ၁၀ သန်းအောက်လျှော့ချကာ တန်ချိန် ၇.၅ သန်း သတ်မှတ်ထားကြောင်း သိရပါသည်။ထိုင်းနိုင်ငံပြည်ပကုန်သွယ်ရေးဦးစီးဌာန၏ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Arada Fuangtong က ယခုနှစ်၏ပထမ ၁၁ လတာကာလတွင် နိုင်ငံသည် ဆန်တန်ချိန် သန်း ၉.၂၇ မတ်ထရစ်တန်တင်ပို့ခဲ့ပြီး ၂၀၂၃ တူညီသည့်ကာလထက် ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ တင်ပို့မှုပမာဏသည်တန်ချိန်သန်း ၁၀ မတ်ထရစ်တန်ထိ ရောက်ရှိပြီး အနည်းဆုံးတန်ဖိုးအမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့်ရရှိရန် မျှော်မှန်းရကြောင်း သိရပါသည်။ ထိုကြီးထွားမှုသည် ခရစ်စမတ်၊ နှစ်သစ်နှင့် တရုတ်နှစ်သစ်ကာလတို့တွင် စားသုံးရန် လိုအပ်ချက်ပြည့်မီရန်အတွက် သွင်းကုန်လုပ်ငန်းရှင်များ၏ ဝယ်လိုအားကြောင့်ဖြစ်ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ၏ဆန်ထုတ်လုပ်မှုသည် ကမ္ဘာ့ဈေးကွက်ဝယ်လိုအားပြည့်မီရန် လုံလောက်မှုရှိပြီး နိုင်ငံ၏အားကောင်းသောဆန်တင်ပို့နိုင်စွမ်းကလည်း တင်သွင်းသူများထံ တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ကြောင်း သိရပါသည်။ထို့ပြင် တင်ပို့သည့်ပမာဏမြင့်တက်လာမှုနှင့်အတူ ဆန်တင်ပို့သည့်ပျမ်းမျှဈေးနှုန်းမှာလည်း ယခုနှစ်ပထမ ၁၀ လတွင် ၂၀၂၃ တူညီသည့်ကာလထက် မြင့်တက်လာကြောင်း သိရပါသည်။ ပျမ်းမျှအားဖြင့် ထိုင်း Hom Mali ဆန်ဈေးနှုန်းသည် ၇.၅၉ ရာခိုင်နှုန်း၊ Pathum Thani ဆန်သည် ၂၄.၆ ရာခိုင်နှုန်း၊ ဆန်ဖြူသည် ၁၁.၇ ရာခိုင်နှုန်း၊ ပေါင်းဆန်သည် ၁၀.၉ ရာခိုင်နှုန်းနှင့် ဆန်စေးသည် ၀.၆၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရပါသည်။ အဓိကတင်ပို့ရာဈေးကွက်များတွင် အင်ဒိုနီးရှား၊ အီရတ်၊ တောင်အာဖရိက၊ အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ပါဝင်ကြောင်းသိရပါသည်။ Mrs.Arada က ဝန်ကြီးဌာနသည် အိန္ဒိယကဆန်ဖြူတင်ပို့မှုပြန်လည်စတင်သောကြောင့် လာမည့်နှစ်အတွက်တင်ပို့မှုရည်မှန်းချက်ကို လျှော့ချထားကြောင်း ပြောကြားခဲ့ပါသည်။ အိန္ဒိယသည် ၎င်းတို့၏တင်ပို့မှုယာယီတားမြစ်ခဲ့မှုကြောင့် မြင့်မားသောကုန်လက်ကျန်လယ်ဗယ်နှင့် အားကောင်းသောဆန်ထုတ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်ထားကြောင်း သိရပါသည်။ ထို့ပြင် မိုးခေါင်မှုလျှော့ပါးလာပြီး စိုက်ပျိုးရန်အတွက် ရေရှိနိုင်စွမ်း မြင့်တက်လာမှုကြောင့် ကမ္ဘာ့ဆန်ထုတ်လုပ်မှုမြင့်တက်လာနိုင်ရန် မျှော်မှန်းရသဖြင့် ကမ္ဘာ့ဆန်ဈေးကွက်တွင် ယှဉ်ပြိုင်မှုပြင်းထန်နိုင်ကြောင်း သိရပါသည်။ လာမည့်နှစ်အတွက် ပြည်ပကုန်သွယ်မှုဦးစီးဌာနသည် အဓိကကုန်သွယ်ဖက်နိုင်ငံများတွင် ထိုင်းဆန်အတွက် ပရိုမိုးရှင်းပွဲများကျင်းပခြင်းနှင့် ဆက်ဆံရေးအားကောင်းအောင်ဆောင်ရွက်ခြင်းအားဖြင့် ဆန်တင်ပို့မှုမြှင့်တင်ရန် စီစဉ်နေကြောင်း သိရပါသည်။
Bangkok Post
DOCA(ရန်ကုန်)