Main menu

စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်း စစ်တမ်းကောက်ယူလျက်ရှိ

Powered by Drupal

                စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာရှိမှုနှင့်  စွမ်းဆောင်ရည်မည်မျှရှိသည်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သိရှိနိုင်ရေးအတွက် စားသုံးသူ စွမ်းဆောင်နိုင်မှုအညွှန်းကိန်း(Consumer Empowerment Index-CEI ) စစ်တမ်းကောက်ယူရေး  စီမံချက်အား စားသုံးသူရေးရာဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ ၃၀၀၀ ခန့်ကောက်ယူမည်ဖြစ်ကြောင်း သိရှိရသည်။ 

           စစ်တမ်းကောက်ယူရာတွင် လူကိုယ်တိုင်တွေ့ဆုံ၍ စစ်တမ်းမေးခွန်းလွှာ ဖြေကြားစေခြင်းနှင့် online မှတဆင့် မေးခွန်းလွှာပေးပို့၍စစ်တမ်းကောက်ယူခြင်းဟူ၍ နည်းလမ်း နှစ်သွယ်ဖြင့် ကောက်ယူမည်ဖြစ်ပါသည်။ စစ်တမ်းမေးခွန်းလွှာတွင် ပြည်သူများသို့ စားသုံးသူအသိပညာပေးမှု လုပ်ငန်းများ၊ စားသုံးသူထိခိုက်နစ်နာမှုနှင့် စပ်လျဉ်း၍ ကုစားမှုအစီအစဉ်များ၊ ကုန်အညွှန်းအမှတ် အသားနဲ့စပ်လျဉ်းသည့် စားသုံးသူများသိရှိရမည့်သတင်းအချက်အလက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် ပြဌာန်းချက်များအပေါ် သိရှိမှုအခြေအနေများကို အခြေခံပြုစု ထားကြောင်း သိရှိရသည်။

            စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးမှူးရုံးမှလည်း အဆိုပါ စီမံချက်အား လိုက်ပါဆောင်ရွက်လျက်ရှိပါသည်။ စစ်ကိုင်းဒေသကြီးအတွင်း စုစုပေါင်းလူဦးရေ ၃၀၀ ခန့်ကို စစ်တမ်းကောက်ယူသွားရန်လျာထားပြီး လူကိုယ်တိုင်တွေ့ဆုံစစ်တမ်းကောက်ယူရန် ၂၀၀ ဦးနှင့် online မှတဆင့်စစ်တမ်းကောက်ယူရန် ၁၀၀ ဦးဖြစ်ရာ ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှစတင်၍ ခရိုင်နှင့်မြို့နယ်များတွင် ဖြန့်ခွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ စစ်တမ်းကောက်ယူရာတွင် ကျား၊မအချိုးအစားညီမျှစေရေး၊ လူတန်းစားအလွှာပေါင်းစုံအချိုးအစားညီမျှစွာ ကောက်ယူနိုင်ရေး နှင့် မြို့ပြနှင့်ကျေးလက်အချိုးညီမျှစေရေး အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါသည်။

            စစ်တမ်းရလဒ်များကို ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်းနှင့် တွေ့ရှိရသည့်ရလဒ်များအပေါ်အခြေခံ၍ ပြုပြင်ပြောင်းလဲရန်လိုအပ်သည်များနှင့် တိုးချဲ့ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို သုံးသပ်ဖော်ထုတ်သွားမည်ဖြစ်သည့်အတွက်  စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လက်တွေ့ကျသောမူဝါဒများချမှတ်နိုင်ရေးအတွက် အထောက်အကူ ဖြစ်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)