စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိသည်။
စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် ခရမ်းချဉ်သီးနှင့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့်ကန့်ဘလူမြို့များရှိ လက္ကား ကုန်သည်များမှတစ်ဆင့် ကန့်ဘလူခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့် ဒေသထွက်ခရမ်းချဉ်သီးများကိုလည်း ရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ခရမ်းချဉ်သီး (၂၅) ကျပ်သားလျှင် ငွေကျပ်(၂၀၀၀)၊ (၁)ပိဿာလျှင် ငွေကျပ်(၈၀၀၀)၊ အာလူးသီး(၁)ပိဿာလျှင်ငွေ ကျပ်(၇၂၀၀)ဖြင့် ရောင်းချကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ခရမ်းချဉ်သီး(၁)ပိဿာလျှင် ငွေကျပ်(၂၀၀၀)ဈေးနှုန်းကျဆင်း၍ အာလူးသီး(၁)ပိဿာလျှင် ငွေကျပ်(၆၀၀)ဈေးနှုန်း ကျဆင်းပြီး ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
DOCA(စစ်ကိုင်း)