Main menu

စားသောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

            ရခိုင်ပြည်နယ် သံတွဲခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ စားသောက်ဆိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍အသိပညာပေးဆွေးနွေးပွဲကို  သံတွဲခရိုင် ပြည်သူ့ ဆေးရုံကြီး အစည်းအဝေးခန်းမ၌ (၂-၅-၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ သံတွဲခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ငပလီကမ်းခြေအတွင်း မှတ်ပုံတင်ထားရှိသည့် စားသောက်ဆိုင် (၃၈)ဆိုင်မှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

              အသိပညာပေးဆွေးနွေးပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ  မြန်မာ့ခရီးသွားလုပ်ငန်း၏ အထင်ကရနေရာ တစ်ခုဖြစ်သော ငပလီကမ်းခြေသည် ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေး၌ အဓိကအခန်းကဏ္ဍမှ ပါဝင်သကဲ့သို့  ကမ်းခြေရှိစားသောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်းများမှလည်း ခရီးသွားစားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရသော အစားအသောက် ဝန်ဆောင်မှုအား အပြည့်အဝ ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ပါသည်။

         အခမ်းအနားတွင်  ရခိုင်ပြည်နယ်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ခံ ဒေါက်တာရဲမင်းသိန်းမှ ဟင်းသီးဟင်းရွက်နှင့် သားငါးများကို ခွဲခြားထားရှိရေး၊ စားသောက်ဆိုင်အတွင်း၌ အိမ်မွေးတိရိစ္ဆာန်များမရှိစေရေး၊ စားသောက်ဆိုင်ဝန်ထမ်းများ၏ တစ်ကိုယ်ရေသန့်ရှင်း‌ရေးတို့အားလည်းကောင်း၊ သံတွဲခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးမျိုးမြင့်ထွန်း (ဒု-ဦးစီးမှူး)မှ စားသောက်ဆိုင်အတွင်း ရောင်းချနေသော ကုန်ပစ္စည်းများအား စားသုံးသူကာကွယ်ရေးဉပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးအတွက် ဝန်ဆောင်မှုကို အလေးထားဆောင်ရွက်ကြရန်လည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်ချက်များအား သက်ဆိုင်သည့် ဌာနအလိုက် ပြန်လည် ရှင်းလင်းဖြေကြားပြီးနောက် နေ့လယ်(၁:၀၀)နာရီအချိန်တွင် အခမ်းအနားပြီးဆုံးကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)