Main menu

ပခုက္ကူဈေးကွက်၌ ပဲတီစိမ်းသေး(ခေါ်) ပဲနှောက်သီးနှံများ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်သို့ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့် ပဲမျိုးစုံ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဒီဇင်ဘာလ(ပထမပတ်)တွင် ပဲတီစိမ်းသေး(ခေါ်) ပဲနှောက်သီးနှံများ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)မှစ၍ ပဲနှောက်သီးနှံအသစ်များ ဈေးကွက်သို့ စတင်ဝင်ရောက် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခု ဒီဇင်ဘာလ(ပထမပတ်)တွင် လှိုင်လှိုင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်း (ခေါ်) ပဲနှောက်သီးနှံသည် တစ်နှစ်လျှင် မိုး၊ ဆောင်း နှစ်ရာသီစိုက်ပျိုးကြသည်။ ပခုက္ကူခရိုင်အတွင်း အများဆုံး စိုက်ပျိုးသည့် ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသော ပဲနှောက်သီးနှံများ အများဆုံးဝင်ရောက်  အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

     ဈေးနှုန်းဈေးကွက်အနေဖြင့် သီးနှံပေါ်စအချိန် ဩဂုတ်လ(ပထမ)ပတ်တွင် ပဲနှောက်သီးနှံ တစ်တင်းလျှင် ငွေကျပ်(၇၂၅၀၀-၇၃၅၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ဈေးအတက်အကျမရှိ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုနိုဝင်ဘာ (စတုတ္ထ)ပတ်တွင် ဈေးမြင့်တက်ပြီး ပဲနှောက်သီးနှံ တစ်တင်းလျှင် ငွေကျပ် (၁၀၄၀၀၀ - ၁၀၅၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ သီးနှံပေါ်စနှင့် ယခုအချိန်ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်တင်းလျှင် ငွေကျပ်(၃၂၅၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ခဲ့သည်။ ဈေးကွက်အနေဖြင့် ဒေသတွင်း ဝယ်ယူစားသုံးမှုများအပြင် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့လျက်ရှိပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)