စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုးသည် ညောင်ဦးမြို့နယ်ရှိ MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် (၂၈.၁၁.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးတွင် ညောင်ဦးမြို့နယ်ရှိ ပုန်းရည်ကြီးလုပ်ငန်းရှင်များအားတွေ့ဆုံ၍ အသိပညာ ပေးဟောပြောပွဲအား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပာယ်၊ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်နှင့် တာဝန်များ၊ တားမြစ်ချက်များကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းအားလည်းကောင်း၊ မိမိတို့သည် စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့်အတွက် စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့် အညီလုပ်ဆောင်ကြရန်လိုအပ်ပါကြောင်း၊ မိမိအကျိုးစီးပွားအတွက်သာကြည့်ပြီး၊ စားသုံးသူများထိခိုက်နစ်နာစေသည့် အပြုအမူ၊ လုပ်ဆောင်မှုများကို ရှောင်ကြဉ်ရမှာဖြစ်ပါကြောင်း၊ စားသုံးသူအပေါ်စိတ်စေတနာအပြည့်အဝထားရန်နှင့် မိမိတို့၏စိတ်စေတနာအလျောက်ပြန်လည် အကျိုးသက်ရောက်လာမှာဖြစ်ပါကြောင်း၊ မိမိတို့၏ ပုဂံညောင်ဦးဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်းအထင်ကရနေရာဒေသတစ်ခုဖြစ်သည့်အတွက် ပြည်တွင်းပြည်ပခရီးသွားများ အချိန်နှင့်အမျှအမြဲမပြတ် လာရောက်လျက်ရှိရာ ခရီးသွားများအနေဖြင့် မိမိတို့၏ဇာတိဒေသသို့ ပြန်သည့်အခါ ပုဂံ၊ ညောင်ဦးဒေသ၏ ဒေသထွက်အစားအစာနှင့် အသုံးအဆောင်ပစ္စည်းများကို အမှတ်တရအနေဖြင့်သော်လည်းကောင်း၊ မြတ်နိုးကြိုက်နှစ်သက်၍သော်လည်းကောင်း၊ မိတ်ဆွေအပေါင်းအသင်းများအား လက်ဆောင်ပေးလိုကြ၍သော်လည်းကောင်း ဝယ်ယူကြသဖြင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့အရပ်ဒေသ၏ဇာတိဂုဏ်၊ မိမိထုတ်လုပ်သည့် ကုန်စည်၏အရည်အသွေးများစစ်မှန်ကာ နာမည်ဂုဏ်သတင်း ကောင်းမွန်ခိုင်မာဖို့လိုပါကြောင်း၊ ပြည်တွင်းဈေးကွက်တွင်သာမက နိုင်ငံတကာသို့လည်းထိုးဖောက်နိုင်ရန် ဝိုင်းဝန်းလုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များ ထုတ်လုပ်ရောင်းဝယ်ရာမှုတွင် သက်ဆိုင်ရာဌာနများ၏ ဥပဒေပါပြဌာန်းချက်များ ၊ သတ်မှတ်ချက်များ၊ ထောက်ခံချက်များကို သိရှိနားလည်ထားရမှာဖြစ်ပြီး စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့်အသိပေးဟောပြောဆွေးနွေးပေးခဲ့ရာ အဆိုပါဟောပြောပွဲသို့ ပုန်းရည်ကြီးလုပ်ငန်းရှင်(၂၁)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)