၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့၊ ညနေ (၁၅:၀၀)နာရီအချိန် မြင်းခြံခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MDCCI)အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် မြင်းခြံမြို့နယ်အတွင်းရှိ MSMEလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။
ခရိုင်ဦးစီးမှူးမှ ဆွေးနွေးပြောကြားရာတွင် MSMEလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို နိုင်ငံတော်မှရောင်းချထုတ်ပေးခဲ့ပါကြောင်း၊ ယခုအချိန်တွင် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပြီး MSMEလုပ်ငန်းများတွင် အသုံးပြုရမည့်စားအုန်းဆီများအား လုပ်ငန်းရှင်များ လျှောက်ထားခဲ့သည့် စက်မှုလုပ်ငန်းများတွင် အမှန်တကယ်အသုံးပြုရမည်ဖြစ်ပါကြောင်း၊ စားအုန်းဆီသည် အရေးကြီးကုန်စည်အမျိုးအစားတွင်ပါဝင်သဖြင့် သတ်မှတ်လုပ်ငန်းမှလွဲ၍ အခြားနည်းဖြင့် ပြန်လည်သယ်ယူ၊ ရောင်းချ၊ သုံးစွဲခွင့်မရှိပါကြောင်း၊ လုပ်ငန်းရှင်များ၏ လစဉ်စားအုန်းဆီလိုအပ်ချက်များကို ကွင်းဆင်းစိစစ်၍ လုပ်ငန်းပမာဏအလိုက် ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSMEလုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများထိခိုက်နစ်နာမှုမဖြစ်ပေါ်စေရေး ကာကွယ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဥပဒေနှင့်အညီဆောင်ရွက် နိုင်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး ကူညီပေးခြင်း၊ MSMEလုပ်ငန်းများ ကြီးထွားလာစေရန် လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ထောက်ခံချက်များ၊ နည်းပညာများ၊ အရင်းအနှီးချေးငွေရရှိရေး၊ ပြပွဲပြိုင်ပွဲတွင်ပါဝင်ပြသနိုင်ရေး စသည့်လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ MSMEလုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြစေရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲသို့တက်ရောက်လာသည့် MSMEလုပ်ငန်းရှင်များမှ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ခရိုင်ဦးစီးမှူးမှ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်(၄၀)ဦးတက်ရောက်ခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင် ဦးစီးမှူးနှင့် MSMEလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ညနေ (၁၆:၃၀)နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)