မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေး လုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံအနက်မှ (ကျွန်း)စားတော်ပဲ စိုက်ပျိုးမှု ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း၊ ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကိုင်းကျွန်းမြေများတွင် သီးညှပ် စိုက်ခင်းအပြင် သီးသန့်စိုက်ပျိုးမှုကိုလည်း နှစ်စဉ်မပြတ်စိုက်ပျိုးကြောင်း၊ မြေပဲခင်းများတွင် လည်းသီးညှပ်အဖြစ် စိုက်ပျိုးမှုများကြောင်း သိရှိရသည်။
စိုက်ပျိုးမြေအနေဖြင့် မြစ်ရေဝင်ကျွန်းမြေများတွင် စိုက်ပျိုးခြင်းဖြစ်၍ ယခုနှစ်မြစ်ရေတက်ချိန် တွင် စိုက်ခင်းများအတွင်း သဲနုန်းမြေတင်မှုများခြင်း၊ မြေသားကောင်းမွန်ခြင်းကြောင့် တောင်သူများအနေဖြင့် ယခင်နှစ်ထက် တိုးချဲ့စိုက်ပျိုးလာကြောင်း သိရှိရသည်။ ယခင်နှစ်တွင် စားတော်ပဲ စိုက်ဧက (၁၀၀၀)ခန့် စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ဧက(၁၅၀၀)ခန့်ထိ တိုးချဲ့စိုက်ပျိုးလာကြောင်း၊ စားတော်ပဲ သီးနှံကို အအေးဓာတ်ဝင်ချိန် တန်ဆောင်မုန်းလဆန်းပိုင်းတွင် စတင်၍ ကြဲပက်စိုက်ပျိုးပြီး တပေါင်း လဆန်းပိုင်းတွင် ရိတ်သိမ်းကြောင်း၊ မြေအောက်ရေအပြင် လိုအပ်ပါက ရေသွင်းရေဖျန်းစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ စားတော်ပဲသီးနှံသည် ရေလိုအပ်သော အပင်ဖြစ်၍ ရေသွင်းစိုက်ပျိုးပါက သီးနှံ အထွက်နှုန်းကောင်းကြောင်း၊ ပြည်တွင်း သုံးစွဲမှုများပြီး ဈေးကွက်ခိုင်မာမှုရှိ၍ စိုက်တောင်သူများမှ နှစ်စဉ်မပြတ်စိုက်ပျိုးကြောင်း သိရှိရသည်။
ကျွန်းစားတော်ပဲသီးနှံ(၁)ဧကစိုက်ပျိုးလျှင် မျိုးစေ့(၂)တင်း(၈)ပြည်ခန့် ကုန်ကျကြောင်း၊ ယခုနှစ် စိုက်ပျိုးချိန်တွင် ကျပ်(၁၄၀၀၀)ဈေးဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ သီးညှပ်အပြင် သီးသန့်စိုက်ပျိုးမှုများလည်း များလာကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် သီးညှပ်စိုက်ခင်းများတွင် ကုန်ကျစရိတ်နည်းသော်လည်း သီးသန့်စိုက်ပျိုးပါက (၁)ဧက ကျပ်(၇၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ ယခင်နှစ် အထွက်နှုန်း အနေဖြင့် (၁)ဧကလျှင် စားတော်ပဲ တင်း(၁၀-၁၅)အထိ ထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် စားတော်ပဲသီးနှံ ပေါ်ချိန် ဒေသတွင်းဈေးကွက်တွင် စားတော်ပဲတစ်တင်းလျှင် ကျပ်(၁၅၀၀၀၀)ဈေးဖြင့် ရောင်းချရကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၁)ဧက ကျပ်(၁၂၀၀၀၀၀)ခန့် ရရှိကြောင်း၊ ယခုအချိန်တွင် စားတော်ပဲ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ သီးနှံပေါ်ချိန်တွင် စားတော်ပဲ အထွက်ကောင်းပြီး ဈေးကွက် ကျဆင်းခြင်းမရှိ ဈေးကောင်းရရှိပါက တောင်သူများ အဆင်ပြေမည်ဖြစ်ကြောင်း ဒေသခံတောင်သူထံမှ သိရှိရသည်။
စားတော်ပဲသီးနှံသည် ပြည်တွင်းစားသုံးမှုပဲများတွင် တစ်မျိုးအပါအဝင်ဖြစ်ပြီး စားသုံးရာတွင်လည်း အရသာအကောင်းဆုံး ပဲတစ်မျိုးဖြစ်၍ မြန်မာ့ဓလေ့အစဉ်အလာအရ စားတော်ပဲပြုတ် စားသုံးမှုများခြင်းကြောင့် နေ့စဉ်သုံးစွဲလျက်ရှိသော သီးနှံတစ်မျိုးဖြစ်၍ ပြည်တွင်းဈေးကွက် ခိုင်မာလျက်ရှိသည်။ ပြည်တွင်းသုံးစွဲမှုများပြီး စိုက်ပျိုးမှုနည်းပါးခြင်းကြောင့် စားသုံးမှုလိုအပ်ချက်အရ ပြည်ပနိုင်ငံများမှ ဝယ်ယူတင်သွင်းရ၍ ဒေသတွင်း စိုက်တောင်သူများအနေဖြင့် ဈေးကွက်ခိုင်မာမှုရှိ၍ စိုက်ပျိုးရာတွင် ကုန်ကျစရိတ်နည်း၍ အလွယ်တကူရရှိပြီး အကျိုးအမြတ်ရရှိသော စားတော်ပဲသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။
DOCA(မကွေး)