Main menu

၂၀၂၅ ခုနှစ်၌ စားအုန်းဆီဈေးနှုန်း တစ်တန်လျှင် ရင်းဂစ် ၄၀၀၀ မှ ၅၀၀၀ အတွင်း ရောက်ရှိနိုင်

Powered by Drupal

     ကမ္ဘာ့စားအုန်းဆီအများဆုံးထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၌ ထုတ်လုပ်မှု တိုးတက်ခြင်းမရှိပဲ ရပ်တန့်နေခြင်းကြောင့် စားအုန်းဆီဈေးနှုန်းများသည် ၂၀၂၅ ခုနှစ်တွင် တစ်တန်လျှင် မလေးရှားရင်းဂစ် ၄၀၀၀ မှ ၅၀၀၀ အကြားရှိနိုင်မည်ဟု စားအုန်းဆီထုတ်လုပ်သော နိုင်ငံများကောင်စီ (CPOPC) က ခန့်မှန်းထားကြောင်း မလေးရှားနိုင်ငံအခြေစိုက် New Straits Times သတင်းဌာနက ဖော်ပြပါသည်။

     ကမ္ဘာ့စားအုန်းဆီဝယ်လိုအား ကြီးထွားလာသည်နှင့်အမျှ ထုတ်လုပ်မှုပမာဏ တိုးတက်မှု မရှိခြင်းက ရောင်းလိုအားပြတ်လပ်မှုကို ဖြစ်ပေါ်စေပြီး ဈေးနှုန်းများ ပိုမိုမြင့်တက်လာစေသည်ဟု CPOPC ကောင်စီမှ  ဒုတိယအထွေထွေအတွင်းရေးမှူး Mr. Datuk Nageeb Wahab က မလေးရှား နိုင်ငံပိုင် Bernama သတင်းအင်ဂျင်စီသို့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

    မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသော ရေလွှမ်းမိုးမှုများ၏ သက်ရောက်မှုကြောင့် မလေးရှား စားအုန်းဆီဈေးနှုန်းသည် လက်ရှိကာလ၌ တစ်တန်လျှင် ရင်းဂစ် ၅၀၀၀ ဝန်းကျင်အထိ ယာယီ မြင့်တက်လျက်ရှိကြောင်း၊ သက်တမ်းရင့် ဆီအုန်းပင်အိုစိုက်ခင်းများရှိခြင်း၊ ကြိုတင်ခန့်မှန်းမှု မပြု နိုင်သော ရာသီဥတုအခြေအနေနှင့် ဆီအုန်းစိုက်ခင်းအသစ် တိုးချဲ့နိုင်မည့် မြေဧရိယာ အကန့် အသတ်ရှိခြင်းတို့ကြောင့် စားအုန်းဆီထုတ်လုပ်ရာတွင် တိုးတက်မှုရပ်တန့်နေခြင်းက ကမ္ဘာ့ စားအုန်းဆီရောင်းလိုအားကို ထိခိုက်စေနိုင်ပြီး ဈေးနှုန်းများ ပိုမိုမြင့်တက်သွားစေသည်ဟု ယူဆ ကြောင်း Mr. Nageeb က မီးမောင်းထိုးပြောကြားခဲ့သည်။

    CPOPC တွင် လက်ရှိအဖွဲ့ဝင်များအဖြစ် မလေးရှား၊ အင်ဒိုနီးရှား၊ ဟွန်ဒူးရပ်စ်နှင့် ပါပူအာ နယူးဂီနီတို့ ပါဝင်ပြီး ကိုလံဘီယာ၊ ဂါနာ၊ နိုင်ဂျီးရီးယားနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့က လေ့လာသူ အဖွဲ့ဝင်များအဖြစ် ပါဝင်ကြောင်း၊ အဖွဲ့ဝင်အဖြစ် ကမ္ဘာ့တတိယအများဆုံး စားအုန်းဆီ ထုတ်လုပ်သည့် ထိုင်းနိုင်ငံ ပါဝင်လာစေရေး ကြိုးပမ်းမှုများလုပ်ဆောင်နေကြောင်း၊ အောင်မြင်မှု ရရှိမည်ဆိုပါက CPOPC အဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်မှု စုစုပေါင်း၏ ၉၃ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းအထိကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ကမ္ဘာ့စားအုန်းဆီဈေးကွက်၌ လွှမ်းမိုး မှု သိသိသာသာ အားကောင်းလာမည်ဖြစ်ကြောင်း Mr. Nageeb က ဆက်လက်ပြောကြားသည်။

    ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည့် စားအုန်းဆီ ထုတ်လုပ် သောနိုင်ငံများကောင်စီ (CPOPC) သည် ဆီအုန်းထုတ်လုပ်သည့် နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ပြီး အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက် သော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း New Straits Times သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။

Source: New Straits Times, December 6th, 2024 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)