Main menu

၁၁ လအတွင်း ဆန်နှင့်စပါးတင်ပို့မှုမှ ဒေါ်လာ ၁.၇၉ ဘီလီယံ ကမ္ဘောဒီးယား ဝင်ငွေရ

Powered by Drupal

    ယခုနှစ် ပထမ ၁၁ လအတွင်း ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် စပါးနှင့်ဆန် တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၁.၇၉ ဘီလီယံ ရရှိခဲ့သည်ဟု ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) ၏ ဒီဇင်ဘာ ၅ ရက်နေ့ ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြပါသည်။

    အဆိုပါကာလအတွင်း နိုင်ငံပေါင်း ၆၇ နိုင်ငံသို့ တန်ဖိုး ဒေါ်လာ ၄၁၃ သန်းရှိသော ဆန် တန်ချိန် ၅၇၅၅၆၂ တန် တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၁.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၏ အဓိကဆန်တင်ပို့ရာဈေးကွက်ဖြစ်ပြီး ဆန် ၁၀၉၄၄၈ တန် တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၆၉ သန်းရရှိခဲ့ကြောင်း၊ ဥရောပ ၂၆ နိုင်ငံသို့လည်း တန်ဖိုးဒေါ်လာ ၂၀၇ သန်းရှိသော ဆန်တန်ချိန် ၂၈၃၉၈၁ တန် တင်ပို့နိုင်ခဲ့ကြောင်း၊ တီမောလက်စ်နိုင်ငံ အပါအဝင် အာဆီယံဒေသတွင်းရှိ နိုင်ငံ ၇ နိုင်ငံသို့ တင်ပို့မှုမှာ ဆန်တန်ချိန် ၁၁၃၇၉၂ တန်ရှိကြောင်း CRF ၏ အစီရင်ခံစာအရ သိရှိရသည်။

    ထုတ်လုပ်မှုပမာဏ၊ သိုလှောင်နိုင်မှုစွမ်းရည်နှင့် ဆန်အရည်အသွေးနှင့် စံချိန်စံညွှန်းတို့အား အဆင့်မြှင့်တင်ခြင်းက ကမ္ဘောဒီးယားဆန်၏ နိုင်ငံတကာဈေးကွက်၌ ဝင်ရောက်မှုကို တိုးမြှင့်ပေး ခဲ့ကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဆန်၏အရည်အသွေးကို တိုးတက်ကောင်းမွန်စေပြီး နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ခြင်းဖြစ်ကြောင်းဖြင့် CRF ၏ ဥက္ကဋ္ဌ Chan Sokheang က ခမာတိုင်းမ် သတင်းဌာနသို့ ပြောကြားခဲ့သည်။

     ပြည်ပသို့တင်ပို့သည့် ဆန်များတွင် ဆန်မွှေး၊ အော်ဂဲနစ်ဆန်၊ ဆန်ဖြူ၊ ပေါင်းဆန်နှင့် ဂျပွန်နီကာဆန်များ ပါဝင်ကြောင်း၊ ယခုနှစ် ပထမ ၁၁ လအတွင်း ကမ္ဘောဒီးယား၏ စပါးတင်ပို့မှုမှာ တန်ချိန် ၄.၆ သန်းရှိပြီး ဝင်ငွေဒေါ်လာ ၁.၃၇ ဘီလီယံ ရရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ကျင်းပသော ကမ္ဘာ့ဆန်စပါးညီလာခံ၏ ကမ္ဘာ့အကောင်းဆုံး ဆန်ပြိုင်ပွဲ၌ Malis Angkor ဟု အမည်ရသည့် ကမ္ဘောဒီးယား ပရီမီယံဆန်မွှေးသည် ဆဋ္ဌမအကြိမ်အဖြစ် ပထမဆုရရှိခဲ့ကြောင်း၊ ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် အနေဖြင့် ၂၀၂၅ ခုနှစ်တွင် ဆန် တန်ချိန် ၁ သန်းအထိ တိုးတက်တင်ပို့နိုင်ရေး ရည်မှန်းချက်ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း ခမာတိုင်းမ် သတင်းဌာနက ဖော်ပြထားသည်။

Source: Khmer Times, 6 Dec 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)