Main menu

တောင်ငူမြို့နယ်တွင် ဆောင်းသီးနှံမတ်ပဲများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Powered by Drupal

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ဒေသခံတောင်သူလယ်သမား ကြီးများသည် စိုက်ပျိုးမြေများ ကောင်းမွန်မှုကြောင့် နွေစပါး၊ မိုးစပါးနှင့် ဆောင်းသီးနှံများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ နေကြာ စသည့်သီးနှံများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြပါသည်။

              ယခုနှစ် စက်တင်ဘာလတွင် ရာဂီမုန်တိုင်းကြောင့် တောင်ငူမြို့နယ်၊ စစ်တောင်းမြစ်ဘေးရှိ ကျေးရွာတချို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား၍ စပါးခင်းများပျက်စီးမှုရှိသော်လည်း သီးနှံမှဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရေးအတွက် မတ်ပဲကို အားထားစိုက်ပျိုးကြပါသည်။

             မတ်ပဲစိုက်ပျိုးသည့် ကျေးရွာများတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တစ်ဧကပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စနစ်တကျစိုက်ပျိုးရေးနှင့် ပိုးသတ်ဆေးနှင့် သွင်းအားစုများ စနစ်တကျနှင့် အချိုးကျမှန်ကန်စွာ သုံးစွဲနိုင်ရေးများကို ကျေးရွာများတွင် သင်တန်းပေးခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ကွင်းတာဝန်ခံများမှ ကြီးကြပ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

             မတ်ပဲစိုက်ပျိုးရိတ်သိမ်းပြီး နွေစပါးများပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် အထွက်နှုန်းကောင်း၊ သက်တမ်းတို မတ်ပဲမျိုးများကို စိုက်ပျိုးလာကြပါသည်။ မြန်မာနိုင်ငံဆီထွက်သီးနှံနှင့်ပဲမျိုး စုံအသင်းမှ ရာဂီမုန်တိုင်းကြောင့် ပျက်စီးသွားသည့် တောင်သူများအတွက် မတ်ပဲ ဧက ၁၀၀၊ ပဲတီ စိမ်း ဧက ၃၀၀ တို့ကို မျိုးစေ့များ အခမဲ့လှူဒါန်းထောက်ပံ့ပေးထားပါသည်။

             အထွက်ကောင်း TBL 9 မတ်ပဲ ၉၈၅၀ ဧက၊ ရေဆင်း ၅ မတ်ပဲ ၅၂၅၀ ဧက၊ ရေဆင်း ၇ မတ်ပဲ ၅၆၉၁ ဧက၊ စုစုပေါင်း ၂၀၇၉၁ ဧက စိုက်ပျိုးထားပါသည်။ မတ်ပဲသက်တမ်း ၇၅ ရက်မှ ၉၀ ရက်သာရှိသဖြင့် နွေစပါးများလည်း အချိန်မီစိုက်ပျိုးနိုင်မည်ဖြစ်ပါသည်။

            တောင်ငူမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရာဂီမုန်တိုင်းအရှိန်ကြောင့်ပျက်စီးခဲ့သည့် ဆောင်းသီးနှံပြန်လည်စိုက်ပျိုးနိုင်ရန် ကျေးရွာအုပ်စု (၁၃)ခု၊ ဧကပေါင်း (၁၄၀၀၆)ဧကအတွက် တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်း ချေးငွေထုတ်ချေးထားပြီးဖြစ်ရာ မတ်ပဲအတွက်လိုအပ်သည့် သွင်းအားစုများ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အပွင့်အားဆေးများကို ဝယ်ယူစုဆောင်းထားရှိကြကြောင်းသိရသည်။

             ယခင်နှစ်က အထွက်နှုန်း ၁၉.၇၈ တင်းဖြစ်ပါသည်။ မတ်ပဲစိုက်ဧကများအားလုံး အပင်ပေါက် ကောင်းမွန်လျက်ရှိပါသည်။ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိပါက တောင်သူဦးကြီးများ ဝင်ငွေတိုးတော့မည်ဖြစ်ပါသည်။

              ယခင်နှစ်က မတ်ပဲဈေးနှုန်းမှာ ပိဿာ(၃၀)အိတ် တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်ဖြစ်ပြီး ယခုနှစ်ပေါက်ဈေးမှာ ၁၇၅၀၀၀ ကျပ် ဖြစ်ပါသည်။ တောင်သူလယ်သမားတစ်ဦးချင်း မတ်ပဲပေါ်ချိနတွင် ပန်းတိုင်အထွက်နှုန်းကျော်လွန်ထွက်ရှိ၍ ဈေးကောင်းရောင်းရပါက ဝင်ငွေတိုးကာ တိုင်းပြည်၏ GDP တိုးတက်လာမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)