တံတားဦးမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ရာသီချိန်သီးနှံအဖြစ် ပဲမြစ်များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိရာ ကျေးရွာများရှိတောင်သူများသည် ပဲမြစ်ကိုနှစ်စဉ် စဉ်ဆက်မပြတ် စိုက်ပျိုးလာကြကြောင်း တွေ့ရှိရသည်။ တံတားဦးမြို့နယ် စိုက်ပျိုးထွက်ရှိလာသော ပဲမြစ်များသည် အခြားဒေသမှထွက်ရှိသော ပဲမြစ်များထက် အရွယ်အစားသေးငယ်ပြီး အရသာမှာစိမ့်ပြီး စေးပိုင်နေသောကြောင့် ဆောင်းရာသီပဲမြစ်ပေါ်ချိန်တွင် တံတားဦးမြို့နယ်အတွင်းရှိ မကျီးတောကျေးရွာမှ ထွက်ရှိသောပဲမြစ်များမှာ လူသိထင်ရှားပြီး စားသုံးသူများ အဝယ်များပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ ထွက်ရှိလာသောပဲမြစ်များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အနယ်နယ်အရပ်ရပ်ရှိ မြို့ကြီးများသို့ ရောင်းချလျက်ရှိ ပါသည်။ ပဲမြစ်ကိုစိုက်ပျိုးရာ၌ စနယ်မြေအမျိုးအစား မြေပေါ်တွင် အဓိကစိုက်ပျိုးလျက်ရှိပြီး တောင်သူအများစုမှာ နှစ်စဉ် ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုး၍ နိုဝင်ဘာလနှင့် ဒီဇင်ဘာ လများတွင် တူးဖော်ရောင်းချလျက်ရှိပါသည်။ စိုက်ပျိုးရာတွင် ဘောင်များပြုလုပ်၍ အစေ့ချစိုက်ပျိုးပြီး မျိုးအနေဖြင့်(၁)ဧကလျှင် နှစ်တင်းခွဲနှုန်းကုန်ကျကြောင်း၊ ပဲမြစ်မျိုးကို မလှိုင်မျိုးနှင့် ဝက်ဝံမျိုးများကို အများဆုံးစိုက်ပျိုးပြီး မျိုးစျေးတစ်တင်းလျှင်(၁၁၀၀၀၀/၁၂၀၀၀၀) ကျပ်ရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် (၁၀)သိန်းကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကပျမ်းမျှပိဿာ(၆၀၀-၇၀၀)ပိဿာခန့်ထွက်ရှိကြောင်း သိရှိရသည်။ ပဲမြစ် ဈေးနှုန်းအနေဖြင့် စတင်ပေါ်ချိန်တွင် တစ်ပိဿာလျှင် (၅၀၀၀/ ၆၀၀၀)ကျပ်ရှိပြီး အရောင်းအဝယ်ဖြစ်နေကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၂၀/၂၅)သိန်းကျပ် ဝန်းကျင်ခန့် အကျိုးအမြတ်ရရှိမည်ဟု ပဲမြစ်စိုက်ပျိုးသူတောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)