ကလေးမြို့နယ်တွင် နိုဝင်ဘာလ အစောပိုင်းမှစ၍ ကောက်ညှင်းကျဉ်တောက်ခေါ် ပေါင်းသင်းဝါးများ ဈေးကွက်အတွင်း ဝင်ရောက်ရောင်းချလာပါသည်။ ပေါင်းသင်းဝါး ပေါ်စတွင် တစ်ဆစ်လျှင် (၁၀၀၀)ကျပ်ခန့်ပေးရပြီး ယခုလှိုင်လှိုင်ပေါ်သည့်အချိန်တွင် ပေါင်းသင်းဝါး တစ်ဆစ်လျှင် (၃၀၀)ကျပ်ခန့်ပေး၍ ဝယ်ယူရပါကြောင်း ၊ကောက်ညှင်းအဖြူအသစ် တစ်ပြည်လျှင် ( ၆၀၀၀ ) ကျပ်၊ ကောက်ညှင်းအနက် တစ်ပြည် (၆၅၀၀)ကျပ်၊ ထင်းသေး ( ၇ ) ချောင်းပါ တစ်စည်းလျှင် ( ၈၀၀ )ကျပ်ဈေးနှုန်းများပေး၍ ဝယ်ယူရပြီး ပေါင်းသင်းဝါးများ မီးဖုတ်ရောင်းချလျက်ရှိပါသည်။ စတင်ရောင်းချချိန်တွင် ကောက်ညှင်းတစ်ကျဉ် ( ၅၀၀၀ )ကျပ်ဈေးနှုန်းဖြင့် ရောင်းချပြီး လက်ရှိပေါက်ဈေးတွင် ( ၂၀၀၀ )ကျပ်မှ အလုံးအသေး၊ အကြီးပေါ်မူတည်၍ ဈေးအမျိုးမျိုးဖြင့် ရောင်းချကြပါသည်။
ပေါင်းသင်းဝါးကို အချို့ဈေးသည်များ အလုံးလိုက်ရောင်းချမှုရှိပြီး အချို့ဈေးသည်များ ကြက်ဥနှင့်စိမ်၍ကြော်ပြီး ရောင်းချကြပါသည်။ ပေါင်းသင်းဝါးများကို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောကာလများက ကလေးမြို့ခံများမှ အခြားမြို့များရှိ မိမိတို့၏ဆွေမျိုးနှင့် ခင်မင်ရင်းနှီး သူများသို့ လက်ဆောင်ပေးရန်အတွက် ဝယ်ယူကြ၍အရောင်းသွက်ပါကြောင်း၊ လမ်းပန်းဆက်သွယ် ရေးအနေဖြင့် ကလေးဒေသလေယာဉ်ကိုသာအဓိကထား လိုက်ပါနေသည့်အတွက် သယ်ယူရန်ခက်ခဲသည့်အတွက် ယခုနှစ်တွင် အရောင်းအဝယ်အေး၍ ဒေသတွင်းသာဦးစားပေးရောင်းချနေရပါသည်။ ပေါင်းသင်းတစ်ရာသီတွင် မိသားစုစားဝတ်နေရေး၊ မီးဖိုချောင်စရိတ်အတွက် တစ်ဖက်တစ်လန်းမှ ဝင်ငွေရရှိလျက်ရှိပါကြောင်း၊ ယခင်နှစ်များက အရောင်းသွက်၍ အမြတ်အစွန်းများ ရရှိသော်လည်း ယခုနှစ်တွင် ထင်းဈေး၊ ကောက်ညှင်းဆန်ဈေး၊ ပေါင်းသင်းဝါးဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် လုပ်အားခအနေဖြင့်သာ အမြတ်အစွန်းရပါကြောင်း ပေါင်းသင်းဝါးမီးဖုတ် ရောင်းချသည့်တစ်ဦးထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)