မွန်ပြည်နယ်အတွင်းရှိမြို့နယ်များ၌ ရုံးပတီသီး၊ ငရုတ်၊ သခွား၊ ခရမ်းသီး၊ ဘူးသီးအစရှိသော ရာသီစာသီးနှံများကိုစိုက်လျက်ရှိပြီး တစ်နိုင်တစ်ပိုင်စိုက်ပျိုးကာ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိ အောင်လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါသည်။
ကျိုက်မရောမြို့၊ ချောင်းဆုံမြို့၊ သထုံမြို့၊ ပေါင်မြို့နယ်တို့၌ အများဆုံး စိုက်ပျိုးလျက်ရှိကြသည်။ ဒေသတွင်း ရာသီစာသီးနှံများကို ပြည်နယ်တွင်း စားသုံးရုံမျှမက အခြားသော ပြည်နယ်နှင့် တိုင်းဒေသများသို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရသည်။ မော်လမြိုင်မြို့ ဈေးကွက်များ၌ ရုံးပတီသီးကို ပိုမိုရောင်းချလျက်ရှိသည်။ ရုံးပတီသီးဈေးနှုန်းများမှာ ရုံးပတီသီး ၁၀တောင့်ကို ၃၀၀ကျပ်နှင့် ၅၀၀ ကျပ်အတွင်း ရောင်းချကြသည်။ ထို့ပြင်လက်ကားဈေးဖြင့် တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ ကျပ်ခန့် ဖြစ်သည်။
ရုံးပတီပင်သည် စိုက်ပျိုးပြီး ၄၅ ရက် အကြာတွင် စတင်ခူးဆွတ်ရပြီး တစ်ရက်ခြား တစ်ခါ ခူးဆွတ်ရကာ စုစုပေါင်း ၁ လခွဲ (အကြိမ် ၂၀) ခန့်ခူးဆွတ်ရသည်။ တစ်ကြိမ်ခူးဆွတ်လျှင် အတောင့်ရေ (၄၅၀၀) ရရှိပြီး အကျိုး/အမြတ်ရရှိပါကြောင်း ရုံးပတီသီးစိုက်ပျိုးသည့်တောင်သူထံမှ သိရှိရပါသည်။
DOCA(မွန်)